ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံက ဘင်္ဂါလီဒုက္ခသည်များအတွက် အမေရိကန်က ဒေါ်လာ ၁၂၇ သန်း ထပ်မံထောက်ပံ့
PUBLISHED - September 25, 2019
အမေရိကန်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၂၇ သန်းကျော် ထပ်မံပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။.
ထပ်မံပေးအပ်သွားမယ့် ထောက်ပံ့ကြေးရန်ပုံငွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် ၉ သိန်းကျော်အတွက်သာမက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်ပါ အရေးပေါ်လိုအပ်ချက်တွေအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။
အခုထောက်ပံ့ငွေဟာ ဘင်္ဂါလီဒုက္ခသည်တွေအပါအ၀င် မြန်မာနိုင်ငံက စစ်ဘေးရှောင်တခြားလူမျိုးစုတွေအတွက်လည်းပါဝင်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ ပဋိပက္ခဖြစ်ပွားခဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက စတင်ပြီး ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော် ပေးအပ်ထားခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။