• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်ကို ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ်အဖြစ်ခန့်အပ်

ဘင်္ဂလားဒေ့ရှ်နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်ကို ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ်အဖြစ်ခန့်အပ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၇

 

နိုင်ငံတစ်ဝန်းဆူပူအုံကြွအကြမ်းဖက်မှုများကြောင့် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ တိုင်းပြည်ကထွက်ပြေးသွားပြီး နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကြားဖြတ်အစိုးရရဲ့ အကြံပေးအရာရှိချုပ်အဖြစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူ နွတ်ကို အင်္ဂါနေ့ (သြဂုတ်လ ၆ ရက်နေ့) က ခန့်အပ်လိုက်ပါတယ်။

 

ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေ၊ တပ်မတော်ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး နောက် ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်ရှာဟာဘတ်ဒင်က ယူနွတ်ကို ကြားဖြတ်အစိုးရအကြံပေးအရာရှိချုပ် အဖြစ် ခန့်အပ်လိုက်တာဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွေက အင်္ဂါနေ့မှာရေးသားကြပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျေးလက်ဒေသက ဆင်းရဲသားပြည်သူတွေကို ဒေါ်လာ ၁၀၀ အောက် အသေးစား ချေး ငွေတွေ ထုတ်ပေးပြီး ဆင်းရဲသားပြည်သူ သန်းပေါင်းများစွာရဲ့ဘဝတွေကို မြှင့်တင်နိုင်ခဲ့တဲ့အတွက် အသက် ၈၄ နှစ်အရွယ် မိုဟာမက်ယူနွတ်နဲ့ အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ခဲ့တဲ့ ၎င်းရဲ့ဂရာမင်းဘဏ်ဟာ ၂၀၀၆ ခု နှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။

 

ကျောင်းသားခေါင်းဆောင်တွေက ၎င်းတို့အနေနဲ့ ယူနွတ်ကို ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ်ဖြစ်စေလို ကြောင်း ပြောကြားခဲ့ပြီး မိုဟာမက်ယူနွတ်က သဘောတူလက်ခံကြောင်း ယူနွတ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြန် လည်ပြောကြားပါတယ်။

 

ယူနွတ်ဟာ ဆေးဝါးကုသမှုခံယူဖို့ ပဲရစ်မြို့မှာရောက်ရှိနေပြီး မကြာမီ ဒါကာမြို့ကို ပြန်လည်ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။

 

ရာထူးခန့်အပ်မှုနဲ့ ပတ်သက်ပြီး မိုဟာမက်ယူနွတ်ဆီက တိုက်ရိုက်တုံ့ပြန်စကား မကြားရသေးသလို ကြားဖြတ် အစိုးရ စတင်တာဝန်ထမ်းဆောင်မယ့်အချိန်ကိုလည်း မသိရသေးပါဘူး။

 

ကြားဖြတ်အစိုးရဖွဲ့စည်းဖို့နဲ့ ရွေးကောက်ပွဲအသစ်တွေ ကျင်းပဖို့ လမ်းရှင်းတဲ့အနေနဲ့ သမ္မတမိုဟာမက်ရှာဟာ ဘတ်ဒင်က အင်္ဂါနေ့အစောပိုင်းမှာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပါတယ်။

 

အဲဒီနောက် ဟာဆီနာနဲ့ နှစ်ပေါင်းများစွာ အတိုက်အခံဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းလည်း သမ္မတ မိုဟာမက်ရှာဟာဘတ်ဒင်က ကြေညာခဲ့ပါတယ်။

 

လွှတ်တော်မဖျက်သိမ်းရင် နောက်ထက် ဆန္ဒပြဦးမှာဖြစ်ကြောင်း ဆန္ဒပြကျောင်းသားတွေက ခြိမ်းခြောက်ခဲ့ ကြပါတယ်။

 

တာဝန်လွှဲပြောင်းယူပြီးနောက်ပိုင်း မကြာခင်အချိန်အတွင်းမှာပဲ ကြားဖြတ်အစိုးရအဖွဲ့က ရွေးကောက်ပွဲတွေ ကျင်းပပေးသွားမှာဖြစ်ကြောင်း ရှာဟာဘတ်ဒင်က ပြောပါတယ်။

 

ဟာဆီနာဆန့်ကျင်ရေး ဦးဆောင်စည်းရုံးခဲ့တဲ့ နာဟစ်အစ္စလာမ်ကတော့ “ကျွန်တော်တို့ထောက်ခံတဲ့အစိုးရက လွဲလို့ ဘယ်အစိုးရကိုမှ လက်ခံမှာမဟုတ်ဘူး။” လို့ ဗီဒီယိုဖိုင်တစ်ခုမှာ ပြောထားပါတယ်။

 

Ref: Bangladesh Nobel laureate Yunus named chief adviser of interim government

 

#PeopleMedia


Share this post