• Follow Us on
Latest News

Home ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင်တပ်ဖွဲ့တွေကို စိတ်ရှည်သည်းခံဖို့ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ညွှန်ကြား

ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင်တပ်ဖွဲ့တွေကို စိတ်ရှည်သည်းခံဖို့ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ညွှန်ကြား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၆

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံတွင်း မြန်မာအစိုးရတပ်ဖွဲ့ဝင်တွေနဲ့ သူပုန်တွေတိုက်ပွဲ တွေ ပြင်းထန်စွာဖြစ်ပွားနေတာကို ဘင်္ဂလားဒေ့ရှ်အစိုးရက အနီးကပ်စောင့်ကြည့်နေတဲ့အတွက် “စိတ်ရှည် သည်းခံဖို့” ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ညွှန်ကြားထားပါတယ်။

 

တနင်္လာနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့) က ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ မေးခွန်းတစ်ခုကို ပြန်လည် ဖြေကြားစဉ် ပြည်ထဲရေးဝန်ကြီး အေဆတ်ဒူဇမန်ခန်းကိုယ်စား ဥပဒေရေးရာဝန်ကြီး အနစ်ဆူဟတ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဘက်က စိန်ပြောင်းကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်မြို့နယ် တမ်ဘရူကျေးရွာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးနဲ့ ဘင်္ဂလီဒုက္ခသည်တစ်ဦး သေဆုံးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ်ရက်အတွင်းကနေ တနင်္လာနေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာနယ်ခြား စောင့်တပ်ဖွဲ့ဝင် ၉၅ ဦး ရှိသွားပြီဖြစ်သလို AA သူပုန်အဖွဲ့က တပ်ဖွဲ့ဝင်လေးငါးခြောက်ယောက်လည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံလာတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံသားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်ရောက်ဖို့ ကြိုးစားနေကြောင်း အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဂျာတီယာပါတီရဲ့ အထွေထွေအတွင်းရေးမှူး မူဂျီဘူဟာကွီချန်နူက လွှတ်တော်ထဲမှာပြောပါတယ်။

 

“သေနတ်တွေပစ်နေကြတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပစ်ခတ်နေကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည် သူတွေလုံခြုံရေးအတွက် အစိုးရက ဘာတွေလုပ်ပေးမှာတဲ့လဲ။” လို့ ၎င်းက ပြောပါတယ်။

 

အစိုးရအနေနဲ့ အခြေအနေကို သဘောပေါက်ကြောင်း၊တနင်္လာနေ့က မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေထဲက ဒဏ်ရာရထားတဲ့သူတွေကို စာသင်ကျောင်းတစ်ခုမှာ ဆေး ကုသပေးနေကြောင်း ဥပဒေရေးရာဝန်ကြီး အနစ်ဆူဟတ်က ပြောပါတယ်။

 

“နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ ညွှန်ကြားထားပါတယ်။ အဲဒီတပ်ဖွဲ့ဝင်တွေကို ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်ပို့ပေးမှာပါ။ ပြန်ပို့ပေးဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း တခြားနည်းလမ်းတစ်ခုခုကို ဆောင်ရွက်ရမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်တော်တို့တပ်မတော်၊ ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို စိတ်ရှည်သည်းခံကြဖို့ ဝန်ကြီးချုပ် က ညွှန်ကြားထားပါတယ်။ နယ်စပ်ဒေသမှာရှိတဲ့ စာသင်ကျောင်းတွေကို ပိတ်ထားဖို့လည်း ကျွန်တော်တို့ လို အပ်သလို ဆောင်ရွက်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Hasina asks Border Guard Bangladesh to be patient amid Myanmar fighting: bdnews 24.com

 

#PeopleMedia


Share this post