ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးကနုတ်ထွက်ပြီး အိန္ဒိယကို ထွက်ပြေးသွား၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းမယ်လို့ ဘင်္ဂလားဒေ့ရှ်ကြည်းတပ် ပြော
PUBLISHED - August 6, 2024
နိုင်ငံတကာ၊ သြဂုတ် ၆
အလုပ်အကိုင်ခွဲတမ်းချတဲ့မူဝါဒကို မကျေနပ်ရာကနေ ဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့အထိ တောင်းဆိုလာတဲ့ ဆန္ဒ ပြပွဲတွေကို နှိမ်နှင်းရာမှာ လူပေါင်းအများအပြားသေဆုံးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဟာ တနင်္လာနေ့မှာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားပြီး တိုင်းပြည်ကနေ ထွက်ပြေးသွားကြောင်း နိုင်ငံတ ကာသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ဆန္ဒပြလူအုပ်ကြီးဟာ တနင်္လာနေ့က ဝန်ကြီးချုပ်အိမ်ကို ဝင်ရောက်စီးနင်းပြီး တွေ့သမျှအရာတွေ ရိုက်ခွဲဖျက်ဆီး ခဲ့ကြပါတယ်။
ဟာဆီနာဟာ လုံခြုံရေးအရ တိုင်းပြည်က ထွက်ခွာသွားရခြင်းဖြစ်ပြီး တိုင်းပြည်အတွက် ကြိုးစားလုပ်ဆောင်ခဲ့ ပေမဲ့ လူနည်းစုက အခုလို ဆန့်ကျင်လာတာကို ၎င်းအနေနဲ့ အလွန်စိတ်ပျက်မိကြောင်း သားဖြစ်သူ ဆဂျီးဝါ ဇက်ဂျိုင်းက BBC ကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဝါကာယူဇီဇမန်းကတော့ ဟာဆီနာထွက်ပြေးသွားတာကို ကြေ ညာလိုက်ပြီး ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။
ဟာဆီနာရဲ့ ကာလရှည်အာဏာဆုပ်ကိုင်ထားတဲ့ အဝါမီလိဒ်ပါတီက ခေါင်းဆောင်တွေကလွဲလို့ အဓိကနိုင်ငံ ရေးပါတီတွေနဲ့ ဆွေးနွေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ပတ်သက်လို့ သမ္မတမိုဟာမက်ရှာဟာဘူ ဒင်နဲ့ မကြာခင် သွားရောက်တွေ့ဆုံမယ်လို့ ဗိုလ်ချုပ်ကြီးဝါကာယူဇီဇမန်းက ပြောပါတယ်။
“တိုင်းပြည်ဟာ တော်လှန်ရေးကာလတစ်ခုကို ဖြတ်သန်းနေပါတယ်။” လို့ ဇွန်လ ၂၃ ရက်နေ့ကမှ ကြည်းတပ်ဦး စီးချုပ်ဖြစ်လာတဲ့ အသက် ၅၈ နှစ်အရွယ် ဇမန်းက ပြောပါတယ်။
“လူသတ်သမားအားလုံးနဲ့ မတရားမှုအားလုံးကို တရားဥပဒေရှေ့မှောက်အရောက်ပို့ဆောင်ပေးမယ်လို့ ကျွန် တော် ပြည်သူအားလုံးကို ကတိပေးပါတယ်။ နိုင်ငံရဲ့ တပ်မတော်ကို ယုံကြည်ဖို့ ကျွန်တော် ပြည်သူတွေကို မေတ္တာရပ်ခံပါတယ်။ အကြမ်းဖက်မှုတွေ မလုပ်ပါနဲ့တော့။ ကျေးဇူးပြုပြီး အကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့လမ်းကို သာ ပြန်လျှောက်ကြဖို့ တောင်းပန်ပါတယ်။” လို့ ဗိုလ်ချုပ်ကြီးဇမန်းက ပြောပါတယ်။
အသက် ၇၆ နှစ်အရွယ် ဟာဆီနာဟာ ရဟတ်ယာဉ်နဲ့ အိန္ဒိယနိုင်ငံ ဒေလီမြို့အနီးက ဟင်ဒွန်စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းကို ဆိုက်ရောက်လာခဲ့ပြီး အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးအရာရှိ အေဂျစ်ဒိုဗယ်လ်က ၎င်း ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း အိန္ဒိယအစိုးရအရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပေမဲ့ အသေးစိတ် ပြောကြားခြင်းမရှိပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ခိုင်မာတဲ့ ယဉ်ကျေးမှု/ကုန်သွယ်ရေးဆက်ဆံရေးတွေရှိနေတဲ့ အိန္ဒိယနိုင်ငံကတော့ လက်ရှိ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဝင် တစ်စုံတရာမှတ်ချက်ပြုပြောကြားခြင်း မရှိပါဘူး။
ဟာဆီနာဟာ ဟင်ဒွန်လေယာဉ်ကွင်းကနေ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ဆက်လက်ထွက်သွားသွားမယ်လို့ အိန္ဒိယအသံလွှင့်ဌာန Times Now က ပြောကြားခဲ့ပေမဲ့ ရိုက်တာက သီးခြားအတည်မပြုနိုင်ပါဘူး။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ၁၉၇၁ ခုနှစ် ပါကစ္စတန်နဲ့ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေကို အစိုးရအလုပ်အကိုင်ခွဲတမ်းတွေချပေးရာမှာ ဟာ ဆီနာပါတီရဲ့မိတ်ဖက်တွေဖြစ်တဲ့ အဲဒီအုပ်စုတွေကို မျက်နှာလိုက်တယ်ဆိုပြီး မကျေနပ်တဲ့အတွက် ကျောင်း သားတွေ ဆန္ဒပြရာကနေ အခုလို ဆူပူအုံကြွမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပွဲတွေမှာ ဆူပူအုံကြွရာကနေ အကြမ်းဖက်မှုတွေဖြစ်ပေါ်လာပြီး ဟာဆီနာ နုတ်ထွက်သွားဖို့အထိ တောင်း ဆိုလာခဲ့ကြပါတယ်။ ဆူပူအုံကြွ အကြမ်းဖက်မှုကြောင့် လူပေါင်း ၂၅၀ သေဆုံးခဲ့ပြီး လူဦးရေထောင်ချီ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
တစ်ချိန်တုန်းက ကမ္ဘာပေါ်မှာ စီးပွားရေး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မကြာသေး ခင်ကပဲ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာသလို ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး အလုပ်လက်မဲ့တွေ ပေါများလာတယ်လို့ ဆိုပါတယ်။
“အမေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောင်းလဲပေးခဲ့ပါတယ်။ အမေ အာဏာရတဲ့အချိန်တုန်းက တိုင်းပြည်ဟာ နိမ့်ကျနေတဲ့တိုင်းပြည်ဖြစ်တယ်။ ဆင်းရဲတဲ့တိုင်းပြည်ဖြစ်တယ်။ အဲဒီနောက်တော့ ဒီကနေ့အခြေအနေမျိုး မ ရောက်ခင်အထိ ဘင်္ဂလားဒေ့ရှ်ဟာ အရှိန်အဟုန်နဲ့ပြေးနေတဲ့ အာရှကျားတွေထဲက ကျားတစ်ကောင်ဖြစ်လာခဲ့ ပါတယ်။” လို့ သားဖြစ်သူ ဂျိုင်းက ဟာဆီနာဘက်က ခုခံပြောကြားပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြားဖြတ်အစိုးရဖွဲ့ဖို့ တိုက်တွန်းလိုက်ပြီး ဒီမိုကရေစီ လမ်းကြောင်းအတိုင်းပြန်လျှောက်ဖို့တိုက်တွန်းလိုက်ပြီး အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် သက် ဆိုင်ရာအဖွဲ့အားလုံး စိတ်ရှည်သည်းခံပြီး ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းဖို့ ပြောကြားလိုက်ပါတယ်။
Ref: Bangladesh PM Sheikh Hasina flees, army says interim government to be formed
#PeopleMedia