ဘီယာဗိုက်တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် အဆိုတော်အပါအဝင် သက်ဆိုင်သူများအား အမှုဖွင့်
PUBLISHED - April 5, 2024
နေပြည်တော်၊ ဧပြီ ၅
ဘီယာဗိုက် တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ – ၃၃(က) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့် အညီ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသမှုများကို ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရေး အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူး ထုတ်လွှင့်နေကြသည့်အတွက် သက်ဆိုင်ရာအစည်းအရုံးများက ထိန်းကျောင်းကြပ်မတ်ပေးပါရန် ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် သတိပေးတားမြစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချလျက်ရှိသည့် ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မဟုတ် ပညာပေးကားများကိုလည်း ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်၍ စနစ်တကျ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူမှုကွန်ရက်တွင် ဘီယာဗိုက် အမည်ဖြင့် အရှက်သိက္ခာကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့ သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများအား ရန်ကုန်မြို့ ဗဟန်းမြို့မ ရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ – ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
သို့ပါ၍ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပ တရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများမပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia