ဘီးလင်းမြို့နယ်တွင် ရှားပါးသော ဧရာဝတီလင်းပိုင်သားအမိ ၂ ကောင်အား ကယ်ဆယ်ရွှေ့ပြောင်း

PUBLISHED - October 10, 2024
နေပြည်တော်၊ အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာအုပ်စု ကျွန်းသာယာ အပြင်သောင်အတွင်း ရှားပါးသော ဧရာဝတီလင်းပိုင် သားအမိ ၂ ကောင်အား တွေ့ရှိခဲ့၍ ကယ်ဆယ်ကာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်ရေးအသင်း BANCAမှ သိရသည်။
BANCA သည် HELVETAS Myanmar နှင့် ပူးပေါင်း၍ မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၂၉ မိနစ်အချိန်တွင် ဘီးလင်းမြို့နယ်၊ ဇုက္ကလိ ကျေးရွာအုပ်စု၊ ကျွန်းသာယာ အပြင်သောင်အတွင်း ဧရာဝတီလင်းပိုင် သားအမိ ၂ ကောင်အား စတင်တွေ့ရှိပြီး ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်အမကြီးမှာ အလျား ၅.၆ ပေခန့်ရှိပြီး ၊ ၎င်း၏ကလေးငယ်မှာ ၂.၅ ပေခန့်ရှိသည်။ ၎င်း သားအမိ အား ရေနက်ပြီး ဘေးကင်းရာနေရာသို့ ရွေ့ပြောင်းရန် မုသင်ကျေးရွာဒေသခံထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရေလုပ်သားအဖွဲ့ဝင်များ စုပေါင်း၍ လှေဖြင့်တင်ဆောင်ကာ ရေကြောင်းနက်သည့်နေရာသို့ ရွေးချယ် ရွေ့ပြောင်းကာ ပြန်လည်လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်မျိုးစိတ်သည် မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်း (မွန်ပြည်နယ်)နှင့် မုတ္တမပင်လယ်ကွေ့ အနောက်ဘက်ကမ်း (ပဲခူးတိုင်း + ရန်ကုန်တိုင်း) တို့တွင် လှည့်လည်ကျက်စားတတ်သည့် ပင်လယ်နေ နို့တိုက်သတ္တဝါမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်ရေ ရာဂဏန်းအောက်သာ ကျန်ရှိတော့သည့် အရေးကြီး ထိန်းသိမ်းရမည့် မျိုးစိတ်ဖြစ်သည်။
#PeopleMedia