ဘီးလင်းမြို့နယ်ရှိမည်သည့် ရဲစခန်းနှင့် အကျဉ်းဦးစီးဌာနတို့မှ စခန်းအားစွန့်ခွာတိမ်းရှောင်မှုများမရှိကြောင်း နစကထုတ်ပြန်
PUBLISHED - November 28, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၈
ဘီးလင်းမြို့နယ်၊ ဝင်းကနယ်မြေရဲစခန်းနှင့် တောင်စွန်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသားများအပါအဝင် ဝန်ထမ်းများသည် အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်လာမည်ကိုစိုးရိမ်သဖြင့် စခန်းအားစွန့်ခွာ၍ တိမ်းရှောင်သွားပြီဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကောလာဟလသတင်းများ လုပ်ကြံဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ “ဘီးလင်းမြို့နယ်ရှိ မည်သည့်ရဲစခန်းနှင့် အကျဉ်းဦးစီးဌာနတို့မှ စခန်းအား စွန့်ခွာတိမ်း ရှောင်မှုများမရှိကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း သိရသည်။
နိုင်ငံ့တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာလုပ်ကိုင်၊ နေထိုင်လိုကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား အကြမ်းဖက်မှုလုပ်ရပ်များကို အားပေးလှုံ့ဆော် နေသည့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ ထိုသို့စိုးရိမ်ထိတ်လန့်ဖွယ်ရာ ကောလာဟလသတင်းများ ရေးသား ဖြန့်ဝေခြင်းသာဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia