ဘော့စနီးယားမှာ ရုရှားကြားဝင်စွက်ဖက်လာမှာကို စိုးရိမ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ်ပြော
PUBLISHED - November 21, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁
မော်စကိုအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ဘော်လကန်ဒေသနိုင်ငံကို နှစ်ပိုင်းကွဲသွားစေနိုင်တဲ့အထိ မတည် ငြိမ်မှုကိုဖြစ်ပေါ်စေနိုင်လောက်အောင် ခြိမ်းခြောက်နေကြောင်း ပြောဆိုပြီး ဘော့စနီးယားမှာ ရုရှားနိုင်ငံရဲ့ ဆိုး ရွားလှတဲ့ကြားဝင်ဆောင်ရွက်မှုကို နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်းဆော့တန်းဘာ့ဂျ်က တနင်္လာနေ့ (နိုဝင် ဘာလ ၂၀ ရက်နေ့) က သတိပေးပြောကြားလိုက်ပါတယ်။
ပြည်တွင်းစစ်ပွဲပြီးဆုံးသွားတာ အနှစ် ၃၀ နီးပါးကြာမြင့်နေပြီဖြစ်ပေမဲ့လည်း ဘော့စနီးယားနိုင်ငံဟာ လူမျိုးစုအ ရေးကြောင့် နိုင်ငံပြိုကွဲနိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းဖို့အတွက် နိုင်ငံတွင်းမှာ နေ တိုးတပ်ဖွဲ့ဝင်တွေနဲ့ နောက်ပိုင်းမှာ ဥရောပငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေကိုပါ တပ်ဖြန့်ချထားပါတယ်။
“တိုင်းပြည်ပြိုကွဲသွားမှာကိုရော ရုရှားနိုင်ငံအပါအဝင် တခြားပြည်ပနိုင်ငံတွေက ကျူးကျော်ဝင်ရောက်လာမှာကို ရော ကျွန်တော်တို့ စိုးရိမ်ပူပန်ပါတယ်။ ဒီခြိမ်းခြောက်မှုဟာ တည်ငြိမ်မှုကို ထိခိုက်စေသလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကိုလည်း နှောင့်နှေးကြန့်ကြာစေပါတယ်။” လို့ ဆော့တန်းဘာ့ဂျက်က ဆာရာယေဗိုမြို့မှာ သတင်း ထောက်တွေကို ပြောပါတယ်။
ရုရှားအစိုးရဟာ ယူကရိန်းစစ်ပွဲက ကမ္ဘာ့အာရုံစိုက်မှုတွေကို ရွှေ့ပြောင်းဖို့အတွက် ဘော်လကန်ဒေသနဲ့ မယ်လ် ဒိုဗာမှာ ပြဿနာသစ်တွေဖန်တီးလှုံ့ဆော်နေတယ်လို့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောကြားလိုက် ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အခုလို ဆော့တန်းဘာ့ဂျ်ရဲ့ သတိပေးမှုထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
“ဘော်လကန်ဒေသကို ဂရုစိုက်ပါ။ ကျွန်တော်ပြောတာယုံပါ။ ကျွန်တော်တို့ သတင်းတွေရနေတယ်။ ရုရှားမှာ ရေရှည်အစီအစဉ်တစ်ခုရှိနေပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံတွေက ဘာမှမလုပ်ဘူးဆိုရင် အဲဒီလိုပေါက် ကွဲမှုကြီးမျိုး နောက်ထပ်တစ်ကြိမ် ထပ်မံဖြစ်ပွားလာပါလိမ့်မယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။
ဒေသတွင်းမှာရှိတဲ့ ဆလာဗစ်လူမျိုးနွယ်စုတွေနဲ့ ယဉ်ကျေးမှု၊ ဘာသာရေး တူညီမှုတွေအရ မော်စကိုအစိုးရဟာ ဘောလကန်ဒေသနဲ့ ခိုင်မာတဲ့ဆက်ဆံမှုတွေ ရှိနေပါတယ်။
ဘော့စနီးယားဆာ့ဘ်ခေါင်းဆောင် မီလာရတ်ဒိုဒစ်ခ်ဟာ ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ အဓိကမဟာမိတ် အ ဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး မော်စကိုကို မကြာခဏ သွားရောက်လည်ပတ်လေ့ရှိပါတယ်။
နိုင်ငံတကာအဆင့်မြင့်ကိုယ်စားလှယ် ခရစ်ရှန်ရှမစ်ဒ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ဘော့စနီးယားဆာ့ဘ် လူ မျိုးတွေ မလိုက်နာဘဲနေခွင့်ပြုထားတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတဲ့ မီလာရတ်ဒို ဒစ်ခ်ဟာ အခုသီတင်းပတ်အတွင်းမှာ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။
ပြစ်မှုထင်ရှားကြောင်းတွေ့ရှိလို့ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ရင်လည်း ၎င်းအနေနဲ့ အဲဒီဆုံးဖြတ်ချက်ကို လိုက် နာမှာမဟုတ်ကြောင်း ဒိုဒစ်ခ်က ပြောပါတယ်။
အသက် ၆၄ နှစ်အရွယ်ရှိ ဆာ့ဘ်ခေါင်းဆောင် မီလာရတ်ဒိုဒစ်ခ်ဟာ ဘော့စနီးယားဆာ့ဘ်တွေအပေါ် အလွန် သြဇာကြီးမားသူဖြစ်ပြီး နိုင်ငံကနေခွဲထွက်ဖို့ ခြိမ်းခြောက်ရင်း လူမျိုးရေးတင်းမာမှုတွေအပေါ် မကြာခဏ မီး လောင်ရာလေပင့်လုပ်တတ်သူဖြစ်တယ်လို့ ဆိုပါတယ်။
ဘော့စနီးယားနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ညီညွတ်ရေး၊ ပြန်လည်သင့်မြတ်ရေးကို ရှေးရှုလုပ်ဆောင်ပြီး အမျိုးသားအင်စတီကျူးရှင်းတွေကို အဆင့်မြှင့်တင်သွားဖို့ လိုအပ်ကြောင်း ဆော့တန်းဘာ့ဂျ်က တနင်္လာနေ့က ပြောပါတယ်။
၁၉၉၂-၁၉၉၅ ခုနှစ် ပြည်တွင်းစစ်ပွဲပြီးကတည်းက ဘော့စနီးယားနိုင်ငံဟာ ဆာ့ဘ်ရီပတ်ဘလစ်နဲ့ မူဆလင် ခရို အက်ဖက်ဒရေးရှင်းဆိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခု ကွဲပြားနေတဲ့နိုင်ငံဖြစ်ပြီး ဒေသနှစ်ခုစလုံးမှာ ဗဟို အစိုးရသြဇာအာဏာသက်ရောက်မှုနည်းပါးတယ်လို့ ဆိုပါတယ်။
Ref: NATO Chief Warns of ‘Malign’ Russian Interference in Bosnia
#PeopleMedia