မကွေးမြို့တွင် သွေးကူညီမှုအသင်းဥက္ကဋ္ဌ ဓားဒဏ်ရာများစွာဖြင့် သေဆုံံးနေ
PUBLISHED - April 8, 2024
နေပြည်တော်၊ ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ သင်ကြားရေးဆေးရုံလမ်း၊ အရှေ့ဘက်ခြမ်း၊ ယာတောထဲတွင် ဏဘယံ သွေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးရန်အောင် ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည်ကို ယနေ့ နံံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့က အိုးဝေတစ်စီးဖြင့် လူတစ်စုသည် ဏဘယံ သွေးကူညီမှုအသင်းရုံးသို့ ရောက်ရှိလာခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးရန်အောင်ကို သွေးလိုအပ်ကြောင်း အကူအညီတောင်းခံမှုကြောင့် ဦးရန်အောင်မှာ လိုက်သွား ခဲ့ကြောင်း၊ ထို့နောက် ဥက္ကဋ္ဌဖြစ်သူနှင့် ဖုန်းအဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ယနေ့ နံနက် ၇နာရီကျော် အချိန်တွင် ယာတောထဲ၌ ဓားဒဏ်ရာ အချက်ပေါင်းများစွာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့မှ လမ်းသွားလမ်းလာတွေက တွေ့တာ။ ကိုယ်ခန္တာကိုယ်အပေါ်မှာ ဓားဒဏ်ရာတွေအများကြီးပဲ။ မတည့် တဲ့သူတွေလည်း ရှိရင်ရှိမှာပေါ့။ အသက် ၄၀ လောက်ရှိမယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဏဘယံ သွေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးရန်အောင်သည် မကွေးမြို့၊ ရွာသစ် ၁၈ လမ်းတွင် နေထိုင်သူဖြစ် ကြောင်း၊ သေဆုံးသူ ဦးရန်အောင်စီးသွားသည့် ဆိုင်ကယ်၊ ဖုန်းနှင့် လက်စွပ်တို့ ပျောက်ဆုံးနေကြောင်း၊ ၎င်း၏ အလောင်းကို မကွေးဆေးရုံကြီး အရေးပေါ်ကုသဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
#PeopleMedia