မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်း၌ ခေါင်းဖြတ်အသတ်ခံရပြီး မျောပါလာသည့် အလောင်း (၃) လောင်း သည် ပြည်ခိုင်ဖြိုးပါတီ အမာခံဝန်းရံသူများဖြစ်နေ
PUBLISHED - September 23, 2021
မင်းကင်း၊ စက်တင်ဘာ ၂၃ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသမှ တောတွင်းချောင်းထဲ၌ ခေါင်းပြတ်သေဆုံးလျက်ရှိသည့် လူသေအလောင်း ၃ လောင်းသည် ပြည်ခိုင်ဖြိုးပါတီ အမာခံဝန်းရံသူများ ဖြစ်နေကြောင်း ဒေသခံများက People Media သို့ အတည်ပြုပြောဆိုသည်။
အဆိုပါအလောင်း ၃ လောင်းမှာ စပ်လျင်ချောင်းရွာမှ ပြည်ခိုင်ဖြိုးပါတီကို အမာခံဝန်းရံသည့် ကိုစည်သူ အသက် ၃၂ နှစ်၊ ကိုအဲဝေ(ခ)အဲပေတူး အသက် ၂၆ နှစ်နှင့် ကိုစိုးကို အသက် ၂၅ နှစ်တို့ဖြစ်ကြောင်း ဒေသခံများက People Media ကို ပြောဆိုသည်။
၎င်းတို့ ၃ ဦးသည် တောင်သူအလုပ်လုပ်ကိုင်ကြပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဒေသခံမဟုတ်သည့် လူအုပ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် လည်ပင်းဖြတ်ဒဏ်ရာများနှင့် သေဆုံးလျက်တွေ့ရှိရပြီး မည်သည့် အဖွဲ့အစည်းမှ ယခုကဲ့သို့ပြုလုပ်သည်ကိုမူ မသိရှိရသေးပေ။
ဆက်လက်ပြီး ၎င်းတို့သေဆုံးမှုနှင့်ပတ်သက်ပြီး မင်းကင်းမြို့နယ်ရဲတပ်ဖွဲ့မှ စက်တင်ဘာလ ၂၁ ရက်နေ့တွင် (ပ)၅၁/၂၀၂၁ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အရ အမှုဖွင့်ထားပြီးဖြစ်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံသူများ၊ တပ်မတော် ထောက်ခံသူများ၊ စစ်မှုထမ်းဟောင်းများနှင့် နိုင်ငံ့ဝန်ထမ်းများ လုပ်ကြံသတ်ဖြတ်ခံနေရမှုများ မကြာခဏဖြစ်ပေါ် လျက်ရှိသည်။
#PeopleMedia #မင်းကင်း
(unicode)
………………………………………………………………