မင်္ဂလာဒုံနှင့် ရွှေပြည်သာတို့တွင် ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂ သိန်း ဖမ်းဆီးရမိ
PUBLISHED - September 22, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ဒသမ ၂ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီအချိန် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ ခရေပင်ရိပ်မွန်လမ်းတွင် သတင်းအရ ဇော်မင်းထွန်း(ခ) ကိုနေ၊ သန့်ဇင်ဦး၊ ဇော်လွင်၊ ကျင်သိန်း(ခ)မောင်စိုး နှင့် အန်တောနို တို့ ၅ ဦးအား Saloon မော်တော်ယာဉ် ၁ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီအချိန် ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဖမ်းမိတရားခံ သန့်ဇင်ဦး နေထိုင်သည့် နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၂ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိ ရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia