မန္တလေးစွယ်တော်ကားကွင်းတွင် LED မီးသီးမှအပူလွန်ကဲ၍ ကားဂိတ်မှ အခန်းနှစ်ခန်းနှင့် ၁၂ ဘီးတွဲ ကားခေါင်းပိုင်း မီးလောင်ရာ ဆုံးရူံးမှုတန်ဖိုး သိန်းတစ်ရာကျော်ရှိ
PUBLISHED - December 12, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ဝဝ-ရပ်ကွက်၊ ပြည်ကြီးမင်္ဂလာကုန်တင် ကားကြီးကွင်း(စွယ်တော်)၊ မန္တလေး-မြစ်ကြီးနားကားဂိတ်ရှိ အခန်းအမှတ် U-5 ရှိ အောက်ထပ်မျက်နှာ ကျက်တွင် တပ်ဆင်ထားသည့် LED မီးသီးမှ အပူလွန်ကဲ၍ အခန်းနှစ်ခန်းနှင့် ၁၂ ဘီးတွဲကားခေါင်းပိုင်း မီးလောင်ရာ ဆုံးရူံးမှုတန်ဖိုး သိန်းတစ်ရာကျော်ရှိကြောင်း အမရပူရမြို့နယ်မီးသတ်ဌာနမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၂ နာရီ ၃၀ အချိန်တွင် မီးလောင်မှုဖြစ်ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁) စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပြည်ကြီး တံခွန်မြို့ နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁) စီး၊ တောင်သမန်ကျေးရွာ အရန်မီးသတ်စခန်းမှ မီးငြိမ်း သတ် ယာဉ် (၁)စီး၊ ဖျောက်ဆိတ်ကုန်းကျေးရွာအရန်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ပြည်ကြီးတံခွန်မြို့နယ် လောကပါလအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ရာတော်အရန် မီးသတ်စခန်းမှ မီး သတ်ေ ရသယ်ယာဉ် (၁)စီး၊ စုစုပေါင်း မီးငြိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ သန္ဓေမီး သတ်တပ်ဖွဲ့ဝင် (၂၀) ဦးနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးတို့က ထွက်ခွာမီးငြိမ်သတ်ခဲ့ကြောင်း သိရသည်။
“တိုက်အောက်ရဲ့ မျက်နှာကျက်မှာ ထွန်းထားတဲ့ LED မီးသီးက အပူလွန်ကဲပြီး အဲ့အောက်မှာရှိတဲ့ စပရိန်မွေ့ ယာပေါ်ပြုတ်ကျသွားတာ။ အဲ့မွေ့ယာတွေက ပို့ရမဲ့ပစ္စည်းတွေလောင်တာ။ ပြီးတော့ ဆိုင်ကယ်နှစ်စီးလည်း လောင်တယ်။ ဂိတ်ရှေ့မှာ ရပ်ထားတဲ့ ၁၂ ဘီးကားက ခေါင်းပိုင်းလောင်တယ်။ စုစုပေါင်းဆုံးရူံးမှုတန်ဖိုးက သိန်းတစ်ရာ့ကိုးဆယ်ရှိတယ်” လို့ အမရပူရမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲခဲ့သည့် ဂိတ်တာဝန်ခံကို အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှာ (ပ-၁၇၃/ ၂၀၂၄)၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅) နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia