မန္တလေးဆေးရုံ၌ ပြတ်တောက်သွားသော လက်ညှိုးကိုပြန်လည်ဆက်ပေးသည့်ခွဲစိတ်ကုသမှုအောင်မြင်
PUBLISHED - August 2, 2024
နေပြည်တော်၊ ဩဂုတ် ၂
မန္တလေးပြည်သူ့ဆေးရုံကြီး၌ ပြတ်တောက်သွားသော ညာလက်ညှိုးကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်နေ အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦးသည် မေ (၁၅) ရက် ညနေ (၄) နာရီခန့်တွင် မိမိကိုယ်တိုင်ဓားနှင့် မတော်တဆ ထိခိုက်မိသောကြောင့် ညာဘက်လက်ညှိုး ပြတ်တောက်သွားသည့် ဒဏ်ရာရရှိခဲ့ပြီး ၎င်းကိုစစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ည(၈)နာရီ (၄၅) မိနစ်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြတ်တောက်သွားသော လက်ညှိုးကို ပြန်လည်ဆက်ပေးသည့်ခွဲစိတ်မှုအား မန္တလေးပြည်သူ့ဆေးရုံကြီး ရှိ လက်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများက ဆောင်ရွက်ပေးခဲ့ရာ မေ (၁၆) ရက် နံနက် (၄) နာရီခွဲတွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ လူနာရောက်ရှိလာသည်နှင့်တစ်ပြိုင်တည်း အရေးပေါ် ကုသမှုဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက အရေးပေါ်ပြုစုကုသမှုပြုလုပ်ပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှု များပြုလုပ်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မန္တလေး ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့များပူးပေါင်း၍ ပြတ်တောက်သွား သော ညာဘက်လက်ညှိုးကို ပြန်လည်ဆက် ပေးသည့် ခွဲစိတ်ကုသမှု (Replantation of index finger) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
လူနာ၏လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြောများ ဖြည်းဖြည်းချင်းပြန်လည် လှည့်ပတ်စီးလာပြီး လက်အခြေအနေမှာ ကောင်းမွန်သဖြင့် ဇွန် (၂၄)ရက်တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ပြတ်သွားသည့်လူနာကဲ့သို့ ပြတ်တောက်သွားသည့် လက်ကိုခွဲစိတ်ကုသမှု ဆောင်ရွက်ရန် အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက ပြတ်တောက်သွားသောလက်ကို ရေသန့်သန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့် ဆေးပြီး အကြောဆေး ရည်ဖြင့် စိုစွတ်အောင်စိမ်ထားသော ခွဲစိတ်ခန်းသုံးအဝတ်စ (Gauze) ဖြင့်ပတ်၍ သန့်ရှင်းသောပလတ် စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း၊ အကြောဆေးရည်ထည့်ထားသော သန့်ရှင်းသော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း၊ လုံခြုံစွာပိတ်ပြီး ရေခဲထည့်ထားသော ရေခဲပုံး အတွင်းထည့်၍ (၆) နာရီအတွင်း လွှဲပြောင်းပေးပို့နိုင်ပါက လူနာအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia