မန္တလေးတွင် စစ်သွေးကြွ (၄)ဦးက တံဆိပ်ခေါင်းရောင်းသည့် အဖွားအို တစ်ဦးကို သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းတွေ လုယူသွား
PUBLISHED - August 20, 2024
နေပြည်တော်၊ ဩဂုတ် ၂၀
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၈)လမ်းနဲ့ (၁၉)လမ်းကြား၊ (၈၆)လမ်း၊ ရွှေတချောင်းမြောင်းပေါ်၊ ညောင်ပင်ဈေးအနီးရှိ တံဆိပ်ခေါင်းရောင်းသည့် အသက် (၆၀)အရွယ် အဖွါးတစ်ဦးကို စစ်သွေးကြွ(၄)ဦးမှ သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းများ လုယက်သွားကြောင်း သိရသည်။
ဩဂုတ်(၁၉)ရက် ညနေ (၅)နာရီခန့်က အောင်မြေသာစံမြို့နယ်၊ (၁၈)လမ်းနှင့် (၁၉)လမ်းကြား၊ (၈၆-F)လမ်းရှိ တံဆိပ်ခေါင်းရောင်းသည့် ဒေါ်ခင်မာကြည်၏ နေအိမ်ကို အသက် (၂၀)ကျော်အရွယ်ရှိ စစ်သွေးကြွ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၂)ဦးက ဈေးဝယ်ဟန်ပြုကာ ဝင်ရောက်လာခဲ့သည်။
ယင်းနောက် အဆိုပါ စစ်သွေးကြွ အမျိုးသမီး (၂)ဦးသည် စာချုပ်ဝယ်မည်ဟု ပြောဆိုခဲ့သဖြင့် ဒေါ်ခင်မာကြည်မှ စာချုပ်နှင့် တံဆိပ်ခေါင်းများ ပြသနေစဉ် နောက်မှ လိုက်ပါလာသည့် စစ်သွေးကြွ အမျိုးသား (၂)ဦးမှ ဒေါ်ခင်မာကြည်အား ထိုးကြိတ်ရိုက်နှက်ကာ ဓားဖြင့် ထိုးပြီး သတ်ဖြတ်သွားကြောင်း သိရသည်။
ယင်းနောက် စစ်သွေးကြွ (၄)ဦးသည် ဒေါ်ခင်မာကြည် ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေနားကပ် တစ်ရံ၊ ငါးမူးခန့်သားရှိ ရွှေလက်စွပ် တစ်ကွင်း၊ သုံးကျပ်ခွဲသားခန့်ရှိ လက်ကောက် တစ်ကွင်း၊ တစ်ကျပ်ခွဲသားခန့်ရှိ ဟန်းချိန်းတစ်ခုတို့ကို လုယက်ယူဆောင်သွားကြောင်း သိရသည်။
#PeopleMedia