မန္တလေးမြို့တွင် ဆိုင်ဖွင့်ရန်လာသည့် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဓားပြတိုက်ခံရပြီး ရွှေထည်များ ယူဆောင်သွားခြင်းခံရ၊ ဓါးပြတိုက်အဖွဲ့ လွတ်မြောက်နေ
PUBLISHED - September 10, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၀
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ဖွင့်ရန်လာသည့် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ယူဆောင်သွားကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ (၁၀)ရက် နံနက် (၈)နာရီခန့်က ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်းသည် ချမ်းမြသာစည်မြို့နယ် (၁၀၁) ဘီလမ်းနှင့် (၇၁)လမ်းရှိ နေအိမ်မှ ချောင်ချောင်ရွှေဆိုင်သို့ သွားရောက်ရန် ပြင်ဆင်နေစဉ် မျက်နှာဖုံးအုပ်ထားသည့် လူ(၆)ဦးခန့်က သေနတ်များကိုင်ဆောင်ကာ နစ်ဆန်းအေဒီဗင် ငွေရောင်ကားဖြင့်ရောက်ရှိလာပြီး ဓားပြတိုက်သွားခြင်းဖြစ်သည်။
ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်းသည် ရွှေဆိုင်သို့ သွားရောက်ရန် ပြင်ဆင်နေချိန်ဖြစ်သည့်အတွက် ဓားပြတိုက်သူများက ရွှေများထည့်ထားသည့် ခြင်းများကို လုယက်သွားခဲ့ခြင်းဖြစ်ပြီး ရွှေ (၁၀)ပိဿာခန့်နှင့် ငွေကျပ် သိန်း (၁၀၀၀)ကျော်ပါသွားကြောင်း သိရသည်။
ဓားပြတိုက်ခံရသည့် ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ ချောင်ချောင်ရွှေဆိုင်မှာ ချမ်းအေးသာစံမြို့နယ်ရှိ လမ်း(၃၀) မင်္ဂလာဈေးအနီးတွင်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ မွန်းလွဲအချိန်ထိ ဓါးပြအဖွဲ့ကို ဖမ်းမမိသေးကြောင်း သိရသည်။
#PeopleMedia