မန္တလေး-ရန်ကုန်အမြန်ရထားပေါ်မှ ကျပ်သိန်းကိုးထောင်ကျော်တန်ဖိုးရှိ WY များ ဖမ်းဆီးရမိ
PUBLISHED - August 30, 2024
နေပြည်တော်၊ ဩဂုတ် ၃၀
မန္တလေးမှ ရန်ကုန်သို့ထွက်ခွာလာသည့် အမှတ် (၁၂) အစုန် လူစီး အမြန်ရထားပေါ်မှ ငွေကျပ် သိန်းကိုးထောင် ကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ်(၁၂) အစုန် လူစီး အမြန်ရထားသည် ပျဉ်းမနားနှင့် ပြည်ဝင်ဘူတာအကြားရောက်ရှိစဉ် ရထား၏ အထက်တန်းတွဲ (၁) ၊ ခုံအမှတ် A-3, A-4 ၏ အပေါ်ဘက် ပစ္စည်းတင်စင်နှင့် ထိုင်ခုံ၏ရှေ့တို့တွင် ကျောပိုးအိတ်နှစ်လုံးနှင့် မြွေရေခွံအိတ်များ ထည့်ထားသည့်ခြင်း နှစ်လုံးတို့ကို ပိုင်ရှင်မဲ့တွေ့ရှိရသဖြင့် မသင်္ကာ၍ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ WY စာတန်းပါ စိတ်ကြွမူးယစ် ဆေးပြားများထည့်ထားသည့် ပလတ်စတစ်အထုပ်ကြီး ၅၀ ကို တွေ့ရှိခဲ့ပြီး အထုပ်ကြီးတစ်ထုပ်အတွင်း၌ အထုပ်ငယ်ငါးထုပ်ပါရှိကာ အထုပ်ငယ်တစ်ထုပ်အတွင်း ဆေးပြား ၇၅၀၀ ခန့်ပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိချက်အရ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားစုစုပေါင်း ၄၆၁၉၄၅ ပြား၊ အလေးချိန် ၃၆ ဒသမ ၉၆ ကီလို ဂရမ်စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းကိုးထောင် ကျော်ခန့်ဖြစ်ပြီး အမှတ် (၁၂) အစုန် လူစီးအမြန် ရထား၏ ထိုင်ခုံဇယားအား စိစစ်ရာအဆိုပါ ခုံအမှတ်၊ A-3, A-4 တို့တွင် သာစည်-ရန်ကုန် ခရီးစဉ်အဖြစ်သန်းဇော်ဦး၊ နိုင်ငံသားစိစစ်ရေးအမှတ် ၈/စလန(နိုင်)၁၃၉၈၁၇ နှင့် စိုင်းသက်အောင်၊ နိုင်ငံသားစိစစ်ရေးအမှတ် ၁၃/တကန(နိုင်) ၃၂၁၆၉၆ တို့က ဝယ်ယူထားကြောင်း သိရသဖြင့် ပိုင်ရှင်အား ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#PeopleMedia