• Follow Us on

Home မရမ်းကုန်းမြို့နယ်၌ ကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိ

မရမ်းကုန်းမြို့နယ်၌ ကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ် ကြောင်း သတင်းအရစောင့်ဆိုင်းနေစဉ် ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် တော်ဝင်လမ်းရှိ စားသောက်ဆိုင်အနီးသို့ ရောက်ရှိလာသည့် သန်းစိုး၊ မောင်ရွှေသန်း(ခ)ကျော်သန်း၊ မောင်ဦးသန်းဌေး(ခ)နာယက၊ နှစ်ဦးမောင် (ခ) ကြက်ဖ၊ စည်သူမိုး၊ လင်းလင်း ထူး (ခ) လင်းချေ၊ မောင်ရွှေသိန်းနှင့် နေဇော်လတ်တို့ရှစ်ဦးအား ထိန်းသိမ်းရှာဖွေခဲ့ရာ TOYOTA SUCCEED မော်တော်ယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ခဲ့ရာ ယင်းနေ့ညနေ ၆နာရီတွင် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် ရဲရန်အောင်လမ်းရှိ နေ အိမ်မှ မစောခင်ကျော် (ခ) စောခင်အား စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းမိတရားခံ သန်းစိုး ငှားရမ်းနေထိုင်သည့် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်းကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း (၃) ခေမာသီလမ်းသွယ် (၂) ရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ တွင် အစုရှယ်ယာပါဝင်သူ ကျော်လင်းဒါ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van မော်တော်ယာဉ်တစ်စီးကို လည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေ ကျပ် ၁ ဒသမ ၄၉ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိတရားခံများ အနက် မောင်ရွှေသန်း (ခ) ကျော်သန်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအနီး စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၅ သိန်း ဖမ်းဆီး ရမိမှုနှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရေကျော်ကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀ ဒသမ ၄ သိန်း ဖမ်းဆီးရမိမှုတို့မှ အဓိကကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post