မလေးရှားက အာဆီယံကားဈေးကွက်မှာ ဒုတိယရောင်းအားအကောင်းဆုံး နိုင်ငံအဖြစ် ထိုင်းကိုကျော်တက်သွား
PUBLISHED - May 16, 2024
နိုင်ငံတကာ၊ မေ ၁၆
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံဟာ အိမ်နီးချင်းထိုင်းနိုင်ငံကို ကျော်လွန်ပြီး ဒုတိယအဆင့် ကားအစီးရေအများဆုံးရောင်းရတဲ့ နိုင်ငံနေရာကို ရရှိသွားကြောင်း Nikkei Asia မီဒီယာက ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) က ရေးသားဖော်ပြလိုက်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာ မော်တော်ကားအရောင်းရဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးက ဦးဆောင်နေတာကတော့ အင်ဒို နီးရှားနိုင်ငံဖြစ်ပါတယ်။ အခုလို ဈေးကွက်အဆင့်ပြောင်းလဲသွားတာဟာ အာရှကားထုတ်လုပ်ရေးကုမ္ပဏီတွေ အတွက် အဓိကစစ်မြေပြင် တစ်ခုဖြစ်လာတဲ့ ဒေသတွင်း ကြီးမားတဲ့အပြောင်းအလဲတစ်ရပ်ဖြစ်ကြောင်း ဂျပန် အခြေစိုက်အွန်လိုင်းမဂ္ဂဇင်း Nikkei Asia က ပြောပါတယ်။
အချိန်ကြာမြင့်စွာ တတိယနေရာကိုရရှိနေတဲ့ မလေးရှားရဲ့ ကားအရောင်းပမာဏဟာ ကိုးလဆက်တိုက် ဒုတိယ နေရာကိုယူထားတဲ့ ထိုင်းနိုင်ငံရဲ့အရောင်းပမာဏကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ-မတ်လအတွင်းမှာ ကျော်တက်သွား ပြီဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် တစ်နှစ်လုံး မော်တော်ကား ၇၉၉၇၃၁ စီး ရောင်းချနိုင်ခဲ့ရာ ၁၁% မြင့်တက်ခဲ့ပြီးနောက် အခုနှစ် ပထမသုံးလပတ်အတွင်း မော်တော်ကား ၂၀၂၂၄၅ စီးရောင်းချနိုင်ခဲ့ပြီး ၅% မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း မလေးရှားမော်တော်ကားအသင်း (Malaysian Automotive Association) က ပြောပါတယ်။
အစိုးရရဲ့ စီးပွားရေးအားပေးလှုံ့ဆော်မှုအစီအစဉ်အရ ဒေသတွင်းထုတ်လုပ်တဲ့ကားတွေအတွက် အရောင်းခွန် ကင်းလွတ်ခွင့်ပေးထားတဲ့ရလဒ်အဖြစ် အခုလို ရောင်းအားမြင့်တက်လာတာဖြစ်ပါတယ်။
အဲဒီလို အရောင်းခွန်ကင်းလွတ်ခွင့်ပြုလိုက်တဲ့အတွက် ကားဈေးကွက်ရှယ်ယာ ၆၀% ကို သိမ်းပိုက်ထားတဲ့ မလေးရှားနိုင်ငံရဲ့ ပြည်တွင်းအမှတ်တံဆိပ်ဖြစ်တဲ့ ပါရိုဒူအာ (Perodua) နဲ့ ပရိုတွန် (Proton) အမှတ်တံဆိပ် ကားတွေ ရောင်းအားလည်း မြင့်တက်လာခဲ့ပါတယ်။
တပြိုင်တည်းမှာ ထိုင်းနို်င်ငံက ကားအရောင်းပမာဏဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ပထမသုံးလပတ်အတွင်း ၂၅% ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကားဝယ်ယူဖို့အတွက် ကာလသတ်မှတ်ချေးငွေ (NPL) နှုန်း မြင့်တက်ပြီး အထွေထွေစားသုံးမှုနှုန်း တန့်နေတဲ့အတွက် ပြီးခဲ့တဲ့နှစ် ဇွန် လကစပြီး လစဉ်ကားအရောင်းပမာဏ ကျဆင်းလာတာဖြစ်ကြောင်း Nikkei Asia က ပြောပါတယ်။
ဒါပေမဲ့ တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီတွေကို ဝင်ရောက်ခွင့်ပေးခဲ့တဲ့အတွက် လျှပ်စစ်ကားဈေးကွက်ဝေစုက တော့ မြင့်တက်လျက်ရှိတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံကလည်း အရှိန်အဟုန်လျှော့ကျနေတယ်လို့ဆိုပါတယ်။ စားသုံးသူတွေက နောက်ဆုံးလက် ကျန်ငွေကို မရှင်းတော့တဲ့အခြေအနေ ဆိုက်ရောက်လာတဲ့အထိ အတိုးနှုန်းမြင့်တက်လာတဲ့အတွက် ပထမသုံး လပတ်အတွင်း ကားအရောင်းပမာဏ ၂၄% အထိ လျော့ကျခဲ့တယ်လို့ Nikkei Asia က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံကလည်း ပြည်ပပို့ကုန်လျော့ကျမှုနဲ့ တခြားအကြောင်းအရာတွေကြောင့် ပထမသုံးလပတ်အ တွင်း မော်တော်ကားရောင်းအား ၁၆% ကျဆင်းသွားပါတယ်။
တပြိုင်တည်းမှာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ ငွေကြေးဖောင်းပွမှုနှုန်း ၄% လျော့ပါးသက်သာလာခဲ့ပြီး စားသုံးသူ သုံးစွဲမှုက အားကောင်းနေဆဲဖြစ်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံမှာတော့ ပထမသုံးလပတ်အတွင်း မော်တော်ကား ရောင်းအား ၁၃% တိုးတက်ခဲ့ပြီး အဲဒီပမာဏဟာ ဒေသတွင်းငါးနိုင်ငံမှာ အမြင့်ဆုံးရာခိုင်နှုန်းဖြစ်တယ်လို့ ဆိုပါ တယ်။
Ref: Thailand loses to Malaysia as ASEAN’s second-biggest auto market
#PeopleMedia