မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၂ ဒသမ ၃ တန်နှင့်အတူ မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ဖျာပုံမြို့နယ်တွင် ဖမ်းဆီးရမိ
PUBLISHED - August 3, 2024
နေပြည်တော်၊ ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ပို့ဆောင်မည့် ငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်သတင်းအရ ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်းအတွင်း မောင်းနှင်လာသည့် ကုန်တင်စက်လှေအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်း မရှိဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဌေးအောင်၊ ကျော်မြင့်နိုင်၊ ရဲဝင်းနိုင်၊ စောဟန်နှင့် ဆိတ်ဖေတို့ ၅ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိစိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ မြရတနာ (၈)လမ်းရှိ ဖမ်းမိစက်လှေပိုင်ရှင် လှမောင်ကြီး၏နေအိမ်မှ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅၀ တောင့်နှင့်အတူ ထွန်းအောင်အား လည်းကောင်း၊ သိမ်းဆည်းရမိအိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူများဖြစ်သည့် သန်းဌေး(ခ)အရှည်ကြီးအား ဖျာပုံမြို့နယ်၊ ဆင်မကျေးရွာ၌လည်းကောင်း၊ စက်လှေ ပိုင်ရှင် လှမောင်ကြီးနှင့် ပဲ့နင်း သားကြီး(ခ)ဇော်သိန်းလှိုင်တို့အား လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ (၁၁) ရပ်ကွက်တွင် PRADO မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ မင်းမျိုးထွန်း(ခ)ကိုမျိုးအား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၌ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကျပ် သိန်း ၁၉၀ နှင့်လည်းကောင်း၊ အောင်ဆင့်ထွန်း(ခ)ကိုဆင့်(ခ)ကိုစိုင်းနှင့် ထိန်လင်းအောင်(ခ) ရောဘတ်(ခ)ခွန်ရဲလင်းဦးတို့အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းမရှိ ဧည့်ရိပ်သာတွင် TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီး၊ HILUX SURF မော်တော်ယာဉ် ၂ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia