• Follow Us on
Latest News

Home မသန်စွမ်းသူများအနေနှင့် လူ့အဖွဲ့အစည်းအတွင်းတွင်ပါဝင်ဆောင်ရွက်ခွင့်နည်းပါးခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း တို့ကို ယနေ့ထိ ကြုံတွေ့နေရဆဲပင်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

မသန်စွမ်းသူများအနေနှင့် လူ့အဖွဲ့အစည်းအတွင်းတွင်ပါဝင်ဆောင်ရွက်ခွင့်နည်းပါးခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း တို့ကို ယနေ့ထိ ကြုံတွေ့နေရဆဲပင်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

မသန်စွမ်းသူများ အနေနှင့် လူ့အဖွဲ့အစည်းအတွင်းတွင် ပါဝင်ဆောင်ရွက်ခွင့် နည်းပါးခြင်း၊ ခွဲခြားဆက်ဆံ ခံရခြင်းတို့ကို ယနေ့ထိ ကြုံတွေ့နေရဆဲပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့တွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌  ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက“ပန်းတိုင်အမှတ် – ၁” အနေဖြင့် ဆင်းရဲနွမ်းပါးမှုကို နေရာတိုင်းတွင် အဆုံး သတ်စေရေးပင်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ပညာရေး၊ အလုပ်အကိုင် ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများ ရရှိရေးအတွက် အခက်အခဲများကြုံ တွေ့နေရပြီး ဆင်းရဲနွမ်းပါးမှုနှင့်  ရင်ဆိုင်ကြရကြောင်း၊ ထို့ကြောင့် ဆင်းရဲ နွမ်းပါးမှုအဆုံးသတ်စေရေး  ဆောင် ရွက်ရာတွင် အားလုံးပါဝင်သည့် ဖွံ့ဖြိုးမှု မဟာဗျူဟာ Inclusive Development Strategies ကို ချမှတ်ဆောင် ရွက်ရန် လိုအပ်မည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေး၊ လိုအပ်ချက်နှင့် စွမ်းဆောင်နိုင်မှုများကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ပြောသည်။

 

“ပန်းတိုင်အမှတ် – ၈” သည် သင့်လျော်သည့် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ ထုတ်လုပ် နိုင်စွမ်း ရှိသည့် လုပ်သားအင်အားစုမှာ မသန်စွမ်းသူများကိုလည်း နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားပြီး ပံ့ပိုးဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ ဖြစ်ကြပြီး အလုပ်လုပ်ရန်ဆန္ဒရှိ၊ စွမ်းဆောင်ရည် ရှိကြသော်လည်း အလုပ်ရှင် အများစုက ငြင်းပယ်ကြသည့်အတွက် အလုပ်ရရှိရန်၊ အလုပ်လုပ်ကိုင်နိုင်ရန် အခက်အခဲရှိသူများဖြစ်ကြသည်ကို လေ့လာ သိရှိရကြောင်း၊ မသန်စွမ်း သူများအနေဖြင့် သင့်တော်သည့် အလုပ်အကိုင်ရရှိရေး၊ အတား အဆီးကင်းသည့် လုပ်ငန်းခွင်ဖြစ်ပေါ်ရေး၊ အခြားသူများနှင့် တန်းတူ ကိုယ်ပိုင် ဝင်ငွေ နှင့်ခံစားခွင့်များ ရရှိရေးတို့ကို ဆောင်ရွက်ပေး ရမည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများ ကိုယ်တိုင် အလုပ်လုပ်လိုစိတ် ဖြစ်ပေါ်လာစေရေး အတွက် မိမိကိုယ်ကိုယ်ယုံကြည်မှု နှင့် အရည်အသွေးကို မြှင့် တင်ပေးကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက “ပန်းတိုင်အမှတ်-၁၀” ၏ ရည်ရွယ်ချက်သည် နိုင်ငံတွင်းနှင့် နိုင်ငံများ အကြား မညီမျှမှု လျှော့ချရေးပင်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အနေနှင့် လူ့အဖွဲ့အစည်း အတွင်းတွင် ပါဝင်ဆောင်ရွက်ခွင့် နည်းပါးခြင်း၊ ခွဲခြားဆက်ဆံ ခံရခြင်းတို့ကို ယနေ့ထိ ကြုံတွေ့ နေရဆဲပင်ဖြစ်ကြောင်း၊ မြန်မာ့လူ့ဘောင်၏ ယဉ်ကျေးမှုနှင့် လူမှုဆက်ဆံ ရေးတွင် ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား၊ အားနည်းသူကို ဖေးမကူညီ ဆိုသည့် စိတ်နေစိတ်ထားများရှိပြီးဖြစ်သည်နှင့်အညီ မသန်စွမ်းသူများကို လူမှုအသိုင်း အဝိုင်းထဲက ပစ်ပယ်မထားဘဲ အားပေးကူညီ ပေးလျက်ရှိကြကြောင်း၊ မသန်စွမ်းသူများကို စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်း ဆိုင်ရာပါ ကျန်းမာကြံ့ခိုင်လာပြီး မသန်သော်လည်း စွမ်းသူများအဖြစ် ရောက်ရှိ အောင် ကူညီဖေးမသွားကြရမည်ဖြစ်ကြောင်း ပြောသည်။

 

“ပန်းတိုင်အမှတ် – ၁၁” သည် အားလုံးအကျုံးဝင်ပြီး စဉ်ဆက် မပြတ် တိုးတက်မှုကို ဖြစ်စေမည့် မြို့ပြများနှင့် လူနေရပ်ကွက်များထူထောင်ရေးကို ရည်မှန်း ထားရှိကြောင်း၊ အများပြည်သူသုံး ယာဉ်များကို မသန်စွမ်းသူများ အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်း၊ အများပြည်သူနှင့် ဆိုင်သည့်နေရာ၊ အဆောက်အဦများကို အတားအဆီး ကင်းမဲ့စွာ သွားလာနိုင်စေရေး Barrier Free ဖြစ်စေရေးတို့ကို စီစဉ်ဆောင်ရွက်ခြင်းတို့နှင့် မသန်စွမ်းသူများ အနေဖြင့် အခြားသူများ နည်းတူ သွားလာနေထိုင်ပါဝင်ဆောင်ရွက်နိုင်ကြစေရန် စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post