မဟုတ်မမှန်သတင်းများအပေါ်အခြေခံ၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ်ထိခိုက်စေနိုင်သည့် ရေးသားဖော်ပြမှုများကို ရှောင်ကြဉ်ကာဆင်ခြင်တုံတရားဖြင့် အပြုသဘောရေးသားဖော်ပြပေးကြရန် ပြန်ကြားရေးဝန်ကြီး တိုက်တွန်း

PUBLISHED - January 22, 2025
နေပြည်တော်၊ ဇန်နဝါရီ ၂၂
မဟုတ်မမှန်သတင်းများအပေါ်အခြေခံ၍ နိုင်ငံတော်အစိုးရနှင့်တပ်မတော်အပေါ် ထိခိုက်စေနိုင်သည့် ရေးသားဖော်ပြမှုများကိုရှောင်ကြဉ်ကာ ဆင်ခြင်တုံတရားဖြင့် အပြုသဘောရေးသားဖော်ပြပေးကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်း ပြောကြားသည်။
သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ကျင်းပခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် မိမိ၏လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ လွတ်လပ်စွာလုပ်ဆောင်နိုင်ကြပါကြောင်း၊ အထူးသဖြင့် ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုများအပေါ် ဝိုင်းဝန်းဆန့်ကျင်ပေးရန်နှင့် ပြည်သူများ မှန်ကန်စွာရပ်တည်ဆောင်ရွက်နိုင်ရေး မီဒီယာနည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ မဟုတ်မမှန်သတင်းများအပေါ်အခြေခံ၍ နိုင်ငံတော်အစိုးရနှင့်တပ်မတော်အပေါ် ထိခိုက်စေနိုင်သည့် ရေးသားဖော်ပြမှုများကိုရှောင်ကြဉ်ကာ ဆင်ခြင်တုံတရားဖြင့် အပြုသဘောရေးသားဖော်ပြပေးကြရန် တိုက်တွန်းလိုကြောင်း ပြောသည်။
သတင်းမီဒီယာများအနေဖြင့် အကြမ်းဖက်သမားများကို အားပေးအားမြှောက်ဆန်သည့်သတင်းများ၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့် သတင်းများ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေ မည့်သတင်းများကို ရေးသားဖော်ပြခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ကို ကျယ်ပြန့်စွာအသိပေးထားရန်လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ရေးသားဖော်ပြခြင်း မပြုရန်လည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ဝိုင်းဝန်းကြပ်မတ်ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
#PeopleMedia