မအူပင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အား ကေအိုင်အေလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သဖြင့် အခင်းဖြစ်နေရာ၌ သေဆုံး
PUBLISHED - August 13, 2021
ဖားကန့်၊ ဩဂုတ် ၁၃ (People Media)
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းဂိတ်အနီးတွင် ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က မအူပင်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်အား ကေအိုင်အေလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
မအူပင်ပြည်သူ့စစ်ခေါင်းဆောင်သည် နန့်ယားမှ ကာမိုင်းသို့သွားရောက်ခဲ့ပြီး မအူပင်ကျေးရွာတွင် ခေတ္တနားကာ ညနေ ၅ နာရီအချိန်ခန့်က နန့်ယားသို့ပြန်လာခဲ့ပြီး အပြန်လမ်းတွင် ကေအိုင်အေလက်နက်ကိုင်အဖွဲ့၏ သေနတ် ဖြင့် ပစ်ခတ်ခြင်းကိုခံခဲ့ရပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း မြန်မာပြည်မြောက်ပိုင်း ပြည်ရှမ်း မျိုးနွယ်စုရေးရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“မနေ့က မအူပင်ပြည်သူ့စစ်ခေါင်ဆောင်က နန့်ယားကနေ ကာမိုင်ကိုသွားတယ်။ ညနေ ၃ နာရီလောက်ပေါ့။ မအူပင်ရောက်တော့ သူ့အိမ်မှာ ခဏနားတယ်။ ပြီးတော့ ညနေ ၅ နာရီလောက်မှာ နန့်ယားကိုပြန်တယ်။ ပြန်တဲ့ အချိန်မှာ ကျောက်ထုနဲ့ မအူပင်ကြား မြနန်းသီတာတံတားနားမှာ အပစ်ခံရတာ။ ကေအိုင်အေအဖွဲ့က ပစ်တာ ပါ” ဟု ၎င်းကပြောသည်။
မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာယဉ်ကျေးမှုအဖွဲ့အနေနှင့် ကေအိုင်အေ/ကေအိုင်အို လက် နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ်မှုများအတွက် သက်ဆိုင်ရာများနှင့် ဆွေနွေးမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ကေအိုင်အေ/ကေအိုင်အို လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ အခုလိုပြုလုပ်နေတာနဲ့ပတ်သက်ပြီး မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အနေနဲ့ ထိရောက်တဲ့ဆွေးနွေးမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆောင်ရွက်နေတယ်” ဟု တာဝန်ရှိသူကပြောသည်။
လက်ရှိအချိန်တွင် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဝင်တွေအနေနှင့် သွားလာမှုအပိုင်းတွင် တစ်ဦးတစ်ယောက်ထဲသွားလာဖို့ ခက်ခဲနေကြောင်း ၎င်းကထည့်သွင်းပြောသည်။
ကေအိုင်အေ/ကေအိုင်အို လက်နက်ကိုင်အဖွဲ့အနေဖြင့် ယခုနှစ်ပိုင်းအတွင်း ပြည်သူ့စစ်ခေါင်းဆောင်များအား ဖမ်းဆီးပစ်သတ်ခဲ့သည်မှာ ယခုသေဆုံးသူအပါအဝင် လေးဦးမြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
#PeopleMedia #EPN #ကချင်ပြည်နယ် #ကေအိုင်အေ
(unicode)
……………………………………………………….