မအောင်မြင်တဲ့ ထရမ့်လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရာထူးက နုတ်ထွက်

PUBLISHED - July 24, 2024
နိုင်ငံတကာ၊ ဇူလိုင် ၂၄
ရွေးကောက်ပွဲအကြို မဲဆွယ်ပွဲမှာ သမ္မတလောင်းဒေါ်နယ်ထရမ့်ကို ပစ်မှတ်ထားခဲ့တဲ့ မအောင်မြင်တဲ့လုပ်ကြံမှု ကို ကာကွယ်တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို အသေးစိတ် စုံ စမ်းစစ်ဆေးခဲ့ပြီးနောက် အဲဒီထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူး ကမ်ဘာလီချီတယ်လ်ဟာ အင်္ဂါနေ့ (ဇူလိုင် ၂၃ ရက်နေ့) မှာ ရာထူးက နုတ်ထွက်သွားပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ္တလာမြို့မှာ မဲဆွယ်ပွဲကို အပေါ်စီးကမြင်နေရတဲ့ အမိုးတစ်ခုပေါ်ကနေ သေနတ်သမားတစ်ဦးက ထရမ့်ကို ပစ်ခတ်နိုင်ခဲ့ပြီးနောက် လက်ရှိတာဝန်ထမ်းဆောင် နေတဲ့သမ္မတတွေကိုရော သမ္မတဟောင်းတွေကိုပါ ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ ထောက်လှမ်းရေးအဖွဲ့ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တနင်္လာနေ့က အောက်လွှတ်တော်စောင့်ကြည့်ထိန်းညှိရေးကော်မတီရဲ့ကြားနာစစ်ဆေးမှုကို တက်ရောက်ခဲ့စဉ် “မဲဆွယ်ပွဲအတွက် လုံခြုံရေးအစီအစဉ် ဆောင်ရွက်မှုတွေနဲ့ သေနတ်သမားရဲ့ မသင်္ကာဖွယ်ရာ အပြုအမူတွေအ တွက် ထောက်လှမ်းရေးအဖွဲ့ဲရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တွေရဲ့ စိတ်အနှောင့် အယှက်ဖြစ်စရာ မေးခွန်းတွေကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ချီတယ်လ်ဟာ ပါတီနှစ်ရပ်စလုံးက လွှတ်တော် အမတ်တွေရဲ့ ပြင်းထန်တဲ့ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရပါတယ်။
ရီပတ်ဘလီကန်အမတ်တချို့နဲ့ ဒီမိုကရက်တစ်အမတ်တချို့ကို ကမ်ဘာလီချီတယ်လ်ကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း ထရမ့်ဟာ ညာဘက်နားရွက်ကို သေနတ်ရှပ်မှန်ခဲ့ပြီး မဲဆွယ်ပွဲတက် ရောက်လာတဲ့ထောက်ခံသူတစ်ဦးကတော့ သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၀ အရွယ် သေနတ်သမား သောမတ်ခရုတ်စ်ကတော့ ထောက်လှမ်းရေးတပ်ဖွဲ့ လက်ဖြောင့်သေနတ် သမားကလက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်။
၁၉၈၁ ခုနှစ်မှာ သမ္မတရော်နယ်ရီဂင်လုပ်ကြံခံရပြီးကတည်းက ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးမားဆုံး တာဝန် မကျေမှုဖြစ်တဲ့ ဒီပစ်ခတ်မှုအတွက် တာဝန်ယူကြောင်း ၂၀၂၂ ခုနှစ်ကတည်းက ထောက်လှမ်းရေးအဖွဲ့ကို ဦး ဆောင်ခဲ့တဲ့ ချီတယ်လ်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။
ထောက်လှမ်းရေးအဖွဲ့ဟာ ၎င်းတို့ရဲ့တာဝန်ထမ်းဆောင်မှုနဲ့ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော် ကော်မတီမျိုးစုံ ရဲ့ ကြားနာစစ်ဆေးမှုတွေကိုရော ၎င်းတို့ရဲ့မိခင်အဖွဲ့အစည်းကြီးဖြစ်တဲ့ အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီး ဌာနရဲ့ ဌာနတွင်းစစ်ဆေးမှုတွေကိုရော ရင်ဆိုင်နေရပါတယ်။
ရွေးကောက်ပွဲဝင်ဖို့ စွန့်လွှတ်လိုက်တဲ့ လက်ရှိသမ္မတဂျိုးဘိုင်ဒန်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ထရမ့်စကားပြောနေတဲ့ စတိတ်ခုံကနေ ကိုက် ၁၅၀ (မီတာ ၁၄၀) ဝန်းကျင်ရှိတဲ့ သေနတ်သမားတက်ရောက် နေရာယူထားတဲ့ အဆောက်အဦတစ်ခုရဲ့ အမိုးကို မကာကွယ်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီအဆာင်အဦရဲ့အမိုးထိပ်ဟာ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတာဝန်ကျတဲ့နေရာရဲ့ အပြင်ဘက် မှာရှိနေတယ်လို့ ပြောဆိုခဲ့တဲ့အတွက် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ လွှတ်တော်အမတ်တွေက ပြင်း ပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ကမ်ဘာလီချီတယ်လ်ဟာ ၂၀၂၂ ခုနှစ်မှာ ဂျိုးဘိုင်ဒန်က အမည်စာရင်းတင်သွင်းခဲ့ပြီး ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲတာဝန်ကို ထမ်းဆောင်ခဲ့ရသူဖြစ်ပါတယ်။ ၎င်းဟာ အဲဒီထောက်လှမ်းရေးအဖွဲ့ဟာ အရင်ကတည်း က ၂၇ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
Ref: Secret Service director resigns after assassination attempt on Donald Trump
#PeopleMedia