မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲအခမ်းအနားသို့ ပြည်ပနိုင်ငံ ၉ ခု မှ သံဃာတော်အပါး ၇၀ ကျော် တက်ရောက် အနေကဇာတင်မည်
PUBLISHED - July 22, 2023
နေပြည်တော်၊ ဇူလိုင် ၂၂
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲအခမ်းအနားသို့ ပြည်ပနိုင်ငံ ၉ ခုမှ သံဃာတော်အပါး ၇၀ ကျော် တက်ရောက်အနေကဇာတင်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ် စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက် (၄) ရပ်ဖြင့် တည်ထားကိုးကွယ်ရေး ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆိုင်ရာ အချက် အလက်များနှင့် ဗုဒ္ဓဥယျာဉ်တော် အတွင်းထည့်သွင်းတည်ဆောက်ထားရှိသည့် သာသနိက အဆောက်အဦ များ၊ ကျောက်စာရုံစေတီတော်များဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် နေ့(ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အဆင့် စည်ကားခမ်းနားစွာ ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ အနေကဇာတင်လှူပူဇော်ပွဲအခမ်းအနား၌ ပြည်ပနိုင်ငံ ၉ ခုမှ သံဃာတော်အပါး ၇၀ ကျော်သည်လည်း တက်ရောက်အနေကဇာတင်မည်ဖြစ်ပါကြောင်းနှင့် မဟာမင်္ဂလာအခမ်းအနားကြီး ကျင်း ပနေမှုများကို ပြည်သူလူထုတစ်ရပ်လုံး ကြည့်ရှုကုသိုလ်ပွားနိုင်ရေးအတွက်လည်း နိုင်ငံပိုင်ရုပ်မြင်သံကြား Channel များမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia