မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖူးမြော်နိုင်
PUBLISHED - August 8, 2023
နေပြည်တော်၊ ဩဂုတ် ၈
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါ ဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာ အခမ်းအနားများကို ဩဂုတ် ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသသာနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ ၇၂၀ ဆူတို့ကို ရဟန်း၊ ရှင်လူအများပြည်သူများအနေဖြင့် ဖူးမြော်ကြည်ညို နိုင်ရေးအတွက် မနက်ဖြန် ဩဂုတ်လ ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ဖူးမြော် ကြည်ညိုနိုင်ပါကြောင်း သိရသည်။
#PeopleMedia