မာလီ၊ နိုင်ဂျာနဲ့ ဘာကီနာဖူဆို သုံးနိုင်ငံစစ်ရေးမဟာမိတ်စာချုပ် လက်မှတ်ရေးထိုး
PUBLISHED - September 18, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၈
မာလီ၊ ဘာကီနာဖူဆိုနဲ့ နိုင်ဂျာနိုင်ငံက စစ်ခေါင်းဆောင်တွေဟာ စနေနေ့ (စက်တင်ဘာလ ၁၆ ရက်နေ့) က ကာကွယ်ရေးသဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း သုံးနိုင်ငံဝန်ကြီးဌာနအဖွဲ့ကိုယ်စား လှယ်တွေက မာလီနိုင်ငံမြို့တော် ဘာမာကိုမြို့မှာ ကြေညာလိုက်ပါတယ်။
သုံးနိုင်ငံစစ်ရေးမဟာမိတ်အဖွဲ့ကိုတည်ထောင်လိုက်တဲ့ “လစ်တာကို-ဂိုမာ စာချုပ်” ကို ချုပ်ဆိုလိုက်ကြောင်း မာလီအာဏာသိမ်းစစ်ခေါင်းဆောင် အဆက်မီဂိုအီတာက X လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့ပါတယ်။
အဲဒီစာချုပ်ရဲ့ရည်ရွယ်ချက်က ကာကွယ်ရေးကဏ္ဍစုပေါင်းကာကွယ်ဖို့ဖြစ်သလို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြည်သူ တွေအကျိုးအတွက် အပြန်အလှန်ကူညီထောက်ပံ့ဖို့ဖြစ်တယ်လို့ ၎င်းက ရေးသားခဲ့ပါတယ်။
မာလီ၊ ဘာကီနာဖူဆိုနဲ့ နိုင်ဂျာ သုံးနိုင်ငံပါဝင်တဲ့ လစ်တာကို-ဂိုမာဒေသဟာ မကြာသေးခင်ကာလတွေအတွင်း က ဂျီဟတ်ဝါဒတွေကြောင့် ပျက်စီးခဲ့ရတဲ့ဒေသဖြစ်ပါတယ်။ “ဒီမဟာမိတ်ဖွဲ့စည်းမှုဟာ မဟာမိတ်သုံးနိုင်ငံကြား စစ်ရေး၊ စီးပွားရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို ပေါင်းစပ် သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ဦးစားပေးလုပ်ငန်းကတော့ သုံးနိုင်ငံထဲမှာရှိနေတဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်သွားဖို့ပဲဖြစ်ပါ တယ်။” လို့ မာလီကာကွယ်ရေးဝန်ကြီး အဗ္ဗဒူလာယေဒီးရော့က သတင်းထောက်တွေ ကို ပြောပါတယ်။
ဂျီဟတ်ဝါဒီသောင်းကျန်းသူတွေဟာ မာလီနိုင်ငံတောင်ပိုင်းမှာ ၂၀၁၂ ခုနှစ်က စတင်သောင်းကျန်းလာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ နိုင်ဂျာနိုင်ငံနဲ့ ဘာကီနာဖူဆိုနိုင်ငံတို့ကို ပျံ့နှံ့သွားတာဖြစ်ပါတယ်။
အဲဒီနိုင်ငံသုံးနိုင်ငံစလုံးဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက စစ်တပ်ကအာဏာသိမ်းခဲ့တဲ့နိုင်ငံတွေဖြစ်ပြီး နိုင်ဂျာနိုင်ငံ ကတော့ ဇူလိုင်လမှာ သမ္မတမိုဟာမက်ဘာဇုမ်းကို ဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ECOWAS ခေါ် အနောက်အာဖရိကစီးပွားရေးအဖွဲ့က နိုင်ဂျာနိုင်ငံကို စစ်ရေး အရ ဝင်ရောက်စွက်ဖက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ECOWAS အဖွဲ့က အဲဒီလိုကြေညာခဲ့ပြီးနောက်ပိုင်း မာလီနိုင်ငံနဲ့ ဘာကီနာဖူဆိုနိုင်ငံတို့က နိုင်ဂျာနိုင်ငံကို စစ် ရေးအရကျူးကျော်ဝင်ရောက်ခဲ့ရင် ၎င်းတို့ကို စစ်ကြေညာတယ်လို့ သတ်မှတ်မှာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ ကြပါတယ်။
စနေနေ့ကချုပ်ဆိုလိုက်တဲ့ စစ်ရေးသဘောတူညီချက်စာချုပ်ထဲမှာ သုံးနိုင်ငံထဲက တစ်နိုင်ငံတိုက်ခိုက်ခံခဲ့ရရင် တခြားနိုင်ငံတွေက စစ်ရေးအရ ဝင်ရောက်ကူညီတိုက်ခိုက်ဖို့ ပါဝင်တယ်လို့ ဆိုပါတယ်။
“စာချုပ်ပါနိုင်ငံထဲက တစ်နိုင်ငံကိုဖြစ်စေ တစ်နိုင်ငံထက်ကျော်လွန်ပြီးဖြစ်စေ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင် နက်ကို တိုက်ခိုက်ခံလာရပြီဆိုရင် စာချုပ်ပါနိုင်ငံအားလုံးကို တိုက်ခိုက်ခံရတယ်လို့ မှတ်ယူသွားမှာဖြစ်ပြီး လုံခြုံ ရေးပြန်လည်ထိန်းသိမ်းဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေကိုအသုံးပြုခြင်းအပါအဝင် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း” ဆိုပြီး အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
သုံးနိုင်ငံထဲမှာရှိနေတဲ့ လက်နက်ကိုင်သူပုန်တွေကို တိုက်ခိုက်ချေမှုန်းရာမှာ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အဲဒီစာချုပ်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
Ref: Mali, Niger, Burkina Sign Mutual Defense Pact
#PeopleMedia