မိတ္ထီလာမြို့တွင် ဆေးစွဲနေသည့်ပထွေးမှ အသက်(၂) နှစ်အရွယ် ကလေးငယ်တစ်ဦးအား ညှင်းပန်းရိုက်နှက်နှိပ်စက်ရာ သေဆုံးမှုဖြစ်ပွား

PUBLISHED - February 10, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရတနာမာန်အောင်ရပ်ကွက်တွင် ဆေးစွဲနေသည့်ပထွေးမှ အသက်(၂) နှစ်အရွယ် မိန်ကလေးငယ်တစ်ဦးအား ညှင်းပန်းရိုက်နှက်နှိပ်စက်ရာ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ လွန်ခဲ့သည့် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ကလေးငယ်ကို မိခင်ဖြစ်သူအပါအဝင် ၎င်းနှင့်ပေါင်းသင်း နေထိုင်သည့် ဒုတိယအမျိုးသားတို့မှ ကလေးငယ်ကို ရိုက်နှက်သောကြောင့် ပတ်ဝန်းကျင်မှ သီရိမင်္ဂလာရပ် ကွက်ကို တိုင်တန်းပြီးနောက် ရတနာမာန်အောင်ရပ်ကွက်မှူးမှတဆင့် ၎င်းတို့ကိုခေါ်ယူပြီး ကလေးငယ် ကိုရိုက် နှက်ခြင်းမပြုလုပ်ရန် တားမြစ်ခဲ့ကြောင်း သိရသည်။
“ကလေးရဲ့ဖခင်အရင်းက ခိုးမှုနဲ့ထောင်ကျနေတာ။ သူ့မိန်းမက နောက်ယောက်ျားနဲ့ တိတ်တိတ်ပုန်း ပေါင်းသင်းနေတာ။ အဲ့မှာကလေးကို သူ့အခုပေါင်းသင်းနေတဲ့အမျိုးသားက နှိပ်စက်နေရင် သူကမတားဘူး။ ပတ်ဝန်းကျင်က ကလေးနှိပ်စက်တာကို Video ရိုက်ထားတာ။ နှိပ်စက်တာကို ပတ်ဝန်းကျင်ကတိုင်လို့ သိရတာ။ သူတို့ကို ကလေးမနှိပ်စက်ဖို့ ခေါ်ပြောတယ်။ မမွေးနိုင်ရင် မွေးစားမဲ့သူကရှိတယ်။ ကလေးအမေကမပေးဘူး သူမွေးမယ်ဆိုပြီး မွေးတာ။ နောက်မလုပ်ဖို့ တာဝန်ယူတယ်ဆိုပြီး အိမ်ပြန်လွှတ် လိုက်တယ်” လို့ ရတနာမာန်အောင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးမှ People Media ကိုပြောသည်။
ထို့နောက် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပထွေး၏ ရိုက်နှက်နှိပ်စက်မှုကြောင့် ကလေးငယ်မှာ နဖူး ဘယ်ဘက်မျက်ခုံး၊ မေးစေ့၊ ဘယ်ဘက်ပါး၊ ရင်ဘက်နှင့် ခြေထောက်တို့တွင် ညိုမဲဒဏ်ရာများဖြင့် သေ ဆုံးသောကြောင့် ယင်းဖြစ်စဉ်ကို တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ကျူးလွန်သူ ပထွေးဖြစ်သူမှ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အသက်(၂) နှစ်အရွယ်ရှိသည့် မယားပါကလေးငယ်ကို ခေါ်ပြီး ဘဲကန်ဈေးသံလမ်းအနီးတွင် အိပ်ခဲ့ပြီးနောက် နံနက် (၃) နာရီအချိန်တွင် သေဆုံးသွားသည့် ကလေးငယ်ကို မိခင်ဖြစ်သူဆီသို့ ခေါ်ဆောင်လာခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
“ပထွေးက ဖေဖော်ဝါရီ ၇ ရက်နေ့က သံလမ်းဘက်ကို ကလေးပါခေါ်ပြီးသွားအိပ်တာ။ အဲ့မှာ ကလေးကသေတာ။ သေနေတဲ့ကလေးကို မနက် ၃ နာရီရောက်တော့ ကလေးကိုသူ့အမေဆီခေါ်လာတာ။ ကလေးအမေကို အအေးပတ်တယ်ဆိုပြီး ပတ်ဝန်းကျင် ကိုပြောခိုင်းတာ။ အဲ့မှာ ကလေးအမေက သူ့သမီးအအေး ပတ်လို့ သေတယ်ဆိုပြီး ကလေးကို သူတို့သဂြိုလ်လိုက်တယ်။ အဲ့ဒါကို တာဝန်ရှိတဲ့သူက စစ်ဆေးတော့ အလိုတူမိခင်နဲ့ ပထွေးကိုဖမ်းမိတယ်။ သူတို့နှစ်ယောက်က မူးယစ်ဆေးသုံးစွဲတဲ့သူတွေ” လို့ ၎င်းမှ ပြောသည်။
ကျူးလွန်သူ အသက်(၃၆) နှစ်အရွယ် နေရန်နိုင်စိုး(ခ)ချုပ်ကြီး နှင့် အလိုတူ ကလေးငယ်၏မိခင်ဖြစ်သူ အသက်(၂၅) နှစ်အရွယ် မပြည့်စုံဝင်း (ခ) မပေါက်စတို့ကို ရတနာမာန်အောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ပြီး မိတ္ထီလာမြို့မရဲစခန်းတွင် (ပ) ၃၂/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ /၁၁၄ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia