မိမိတို့နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်မည့်အရင်းအမြစ်ကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း အောင်မြင်အောင်လုပ်ဆောင်နိုင်ရန်အားနည်းလျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

PUBLISHED - March 26, 2025
နေပြည်တော်၊ မတ် ၂၆
မိမိတို့နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်မည့် အရင်းအမြစ်ကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း အောင်မြင်အောင်လုပ်ဆောင်နိုင်ရန် အားနည်းလျက်ရှိကြောင်း ယမန်နေ့က ကျင်ပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မိမိတို့နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်မည့် အရင်းအမြစ်ကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း အောင်မြင်အောင်လုပ်ဆောင်နိုင်ရန် အားနည်းလျက်ရှိကြောင်း၊ ဒေသတွင်း၌ ဈေးကွက်လိုအပ်ချက်ရှိသည့် ရော်ဘာနှင့် ရော်ဘာထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းမှ ထွက်ရှိသည့် ရော်ဘာအခြေခံကုန်ကြမ်းများကို အသုံးပြု၍ အဆင့်မြင့်ကုန်ချောထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်စေနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
ဥပမာအနေဖြင့် မိမိတို့နိုင်ငံပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံအနေဖြင့် လူဦးရေ ၁ ဒသမ ၄၂ ဘီလီယံကျော်၊ အိန္ဒိယနိုင်ငံအနေဖြင့် လူဦးရေ ၁ ဒသမ ၄၆ ဘီလီယံကျော်၊ အာဆီယံနိုင်ငံများ လူဦးရေ ၆၈၇ မီလီယံကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လူဦးရေ ၁၇၃ မီလီယံကျော်ရှိပြီး ကမ္ဘာ့လူဦးရေထက်ဝက်နီးပါးနေထိုင်ကြကြောင်း၊ အားလုံးဖိနပ်စီးကြကြောင်း၊ ဖိနပ်အတွက် ရော်ဘာ၊ သားရေလိုအပ်ချက်မည်မျှကြီးသည်ကို တွက်ကြည့်နိုင်ကြောင်း၊ အလားတူမိမိတို့နိုင်ငံတွင် မော်တော်ကားမျိုးစုံ ၁ သန်းခန့်၊ မော်တော်ဆိုင်ကယ်မျိုးစုံ ၅ သန်း ခန့်ရှိပြီး အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မြောက်မြားစွာရှိကြောင်း၊ ယင်းတို့အတွက် တာယာနှင့် ကျွတ်များစွာလိုအပ်မည်ဖြစ်၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
စိုက်ပျိုးရေးသီးနှံများ အထွက်နှုန်းပန်းတိုင်ရည်မှန်းချက်ပြည့်မီခြင်းနှင့် သီးထပ်စွမ်းအားပြည့်မီခြင်း မရှိသည့်အတွက်လည်း နိုင်ငံတော်အနေဖြင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဝင်ငွေထိခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရေးအတွက် ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်း၌ပင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီ၍ မည်မျှထိခိုက်မှုရှိသည်ကို တွက်ချက်ကြည့်ကြောင်း၊ စပါး၊ ပဲ၊ ပြောင်း စသည့် သီးနှံ ၁၀ မျိုးအား ယခုစိုက်ဧကနှင့်ပင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီသဖြင့် နိုင်ငံမှ ဝင်ငွေလျော့နည်းရရှိမှု အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ရှိကြောင်း၊ သီးထပ်စိုက်ပျိုးမှုမရှိ၍ ဆုံးရှုံးမှုများပါ ထည့်တွက်ပါက ၁၉ ဘီလီယံခန့်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများနှင့် ပတ်သက်၍လည်း ထိုသို့လုပ်ဆောင်မှုများကြောင့် ပြည်တွင်း၌ အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ လုပ်ကိုင်နိုင်မည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်မည်ဆိုပါကလည်း ကြီးပွားတိုးတက်နိုင်မည့် အခွင့်အလမ်းများရှိပြီးဖြစ်သဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွင်း၌သာ အလုပ်လုပ်ကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ ပြည်တွင်း၌ လုပ်ကိုင်နိုင်ရေးအတွက်လည်း ၎င်းတို့ကို နည်းပညာများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ စက်မှုနည်းပညာများ စသည်တို့ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia