မိမိတို့နိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများသည် ခေတ်အဆက်ဆက်ကျယ်ပြန့်စွာအမြစ်တွယ်ကြီးထွားနေသည့် အတွက် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ရမည်ဟု နစကဒုဥက္ကဋ္ဌ ပြောကြား
PUBLISHED - October 10, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၀
မိမိတို့နိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုများသည် ခေတ်အဆက်ဆက် ကျယ်ပြန့်စွာ အမြစ်တွယ်ကြီးထွားနေ သည့်အတွက် ယင်းကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု အဓိကဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ နိုင်ငံ၏ ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုများကို အဓိကထိုးနှက်နေ သည့်အချက်သည် တရားမဝင် ကုန်သွယ်မှုများဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် တရားမဝင် ကုန်သွယ်မှုများရှိသော် လည်း မိမိတို့နိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုများသည် ခေတ်အဆက်ဆက် ကျယ်ပြန့်စွာ အမြစ်တွယ်ကြီး ထွားနေသည့်အတွက် ယင်းကို ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း အရေးယူမှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မှန်မှန်ကန်ကန်နှင့်မဆောင်ရွက်နိုင်ပါက နိုင်ငံ၏ စီးပွား ရေးကို ထိခိုက်သည့်အပြင် မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကိုလည်း များစွာထိခိုက်စေပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေး မောင်းနှင်အားကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင် ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာတား ဆီးစစ်ဆေးအရေးယူရန် လိုအပ်ကြောင်း ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ထူးခြားဖြစ်စဉ်အနေဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေယာဉ်၊မီးရထား၊ မော်တော်ယာဉ်များဖြင့် တရားမဝင်ပြောင်းဆန်သယ်ယူမှုအား ဖော်ထုတ်အရေးယူမှုနိုင်ခဲ့ ပါကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီးကို ဖြတ်ကျော်၍ တရားမဝင်ပြောင်းဆန်များ တင်ပို့ရန်ကြိုးပမ်း မှုကို လည်းတားဆီးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် ကွန်တိန်နာ (၁၁)လုံး တရားမဝင် ထုတ်ယူမှုနှင့်ပတ်သက်၍ ဖော်ထုတ်နိုင်ခဲ့ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတော်၏ ပို့ကုန်၊ သွင်းကုန်များစနစ် တကျဆောင်ရွက်လျက်ရှိပြီး G to G လည်းဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင် ရွက်မှုအပေါ်တွင် အချို့ကုမ္ပဏီများအနေဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများမှာ သွင်းကုန်လိုင်စင်မရှိဘဲ အခြားကုမ္ပဏီများ၏ သွင်းကုန်လိုင်စင်များကို အလွဲသုံး လုပ်ပြီး ၎င်းတို့၏ သွင်းကုန်ပစ္စည်းများကို တင်သွင်းရန် ကြိုးစား ဆောင်ရွက်မှု များကို ပြည်သူ့ဝန်ထမ်းကောင်းများက ဖော်ထုတ်တားဆီး ပေးနိုင်ခဲ့သည့်အတွက် သွင်း ကုန်ပစ္စည်း ကီလို သုံးသိန်းကျော် ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၉ သန်းကျော်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်း ဆည်းနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဥပဒေမဲ့ဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာကုမ္ပဏီများကိုလည်း အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ပြောသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အမှုတွဲ (၆၁၁)မှု၊ တန်ဖိုးငွေကျပ်သန်း (၁၀၄၄၅ဒသမ ၇၄၂) ဖြစ်ပြီး ဩဂုတ်လတွင် အမှုတွဲ (၅၄၀)၊ တန်ဖိုးငွေကျပ် သန်း (၁၂၄၃၄ ဒသမ ၂၄၄) ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia