မိမိတို့နိုင်ငံတွင် မိုးကြောင့်ဖြစ်ပေါ်ခဲ့သည့်သဘာဝဘေးများအနက် အဆိုးဆုံးထိခိုက်ပျက်စီးမှုကြုံတွေ့ခဲ့ရခြင်း ပင်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား
PUBLISHED - September 28, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၈
မိမိတို့နိုင်ငံတွင် မိုးကြောင့်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးများအနက် အဆိုးဆုံးထိခိုက်ပျက်စီးမှု ကြုံတွေ့ခဲ့ ရခြင်းပင်ဖြစ်ကြောင်း၊ ယမန်နေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိကာလတွင် ကမ္ဘာတစ်လွှား၌ ရာသီဥတုဖောက်ပြန်မှုများကြောင့် မိုးခေါင် ခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း စသည့် သဘာဝဘေးဒဏ်များ မကြာခဏ ကြုံတွေ့နေကြ ရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်မှုကို ရှောင်လွှဲ၍ရနိုင်မည် မဟုတ် သော်လည်း ထိခိုက်ပျက်စီး မှုအနည်းဆုံး ဖြစ်စေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများကို စနစ်တကျထိန်းသိမ်းခြင်းတို့ဖြင့် ကြိုတင်ကာကွယ်မှု များကိုပြုလုပ်နိုင်ကြောင်း ပြောသည်။
မိမိတို့နိုင်ငံရှိ မြစ်ချောင်းများ၏ မြစ်ဖျားပိုင်းနှင့် အထက်ပိုင်းများ၌ရွှေနှင့် သတ္တုတူးဖော်ခြင်း၊ မြစ်ကမ်းနံဘေးရှိ သစ်များအား အလွန်အကျွံခုတ်ယူခြင်းများကြောင့် သဲနုန်းများရေစီးကြောင်းအတိုင်း တဖြည်းဖြည်းစီးဆင်း ဝင်ရောက်လာကာ သောင် ထွန်းခြင်းများ နှင့် Bed Level မြင့်တက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း၊ ရေလမ်း ကြောင်း ထိန်းသိမ်းမှုအားနည်းခြင်းများကြောင့် မြစ်ချောင်းများအတွင်း သဲနုန်းများပို့ချမှု များပြားလာခြင်းသည် ရေကြီးရေလျှံမှုများကိုပိုမို ဖြစ်ပေါ်စေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မကြာမီက ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှု ကြောင့် တောင်ကုန်းတောင်တန်းများပေါ်မှ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်း မှုဖြစ်ပေါ်ခဲ့ပြီး ရေစီးဆင်းရာလမ်းကြောင်းများတစ်လျှောက် ထိခိုက်ပျက်စီးမှုများဖြစ် ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးကြောင့် ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးများအနက် အဆိုးဆုံးထိခိုက်ပျက်စီးမှု ကြုံတွေ့ခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများကို စနစ်တကျထိန်းသိမ်းခြင်းဖြင့် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ရေစီးကြောင်းနှင့်အတူ မျောပါလာသည့် သစ်လုံးကြီး များကိုလည်း တားဆီးနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာ တန်းဝင် ကျွန်း ၉၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင်၊ ပျဉ်းကတိုး ၃၀၀ ပင်၊ ပိတောက် ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
#PeopleMedia