မိမိတို့အပေါ်တိုက်ခိုက်မှုများဆောင်ရွက်လာခြင်းကြောင့် တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - November 3, 2023
နေပြည်တော်၊ နိုဝင်ဘာ ၃
မိမိတို့အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်းကြောင့် မိမိတို့အနေဖြင့်တန်ပြန်ချေမှုန်းမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“ကျွန်တော်တို့ အနေနဲ့ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထားပြီးဆောင်ရွက်ပေးခဲ့တယ်၊ ဒါပေမဲ့ ကျွန် တော်တို့အပေါ် တိုက်ခိုက်မှုတွေ ဆောင်ရွက်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တန်ပြန်ချေမှုန်းမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ၌ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံရေးစခန်းများနှင့် ဌာနဆိုင်ရာရုံး ဌာနများကို တိုက်ခိုက်လာမှုများရှိကြောင်း၊ အလားတူ ကချင်ပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ် အေးချမ်းမှုပျက်ပြားမှုမရှိစေရေး သတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် အင်အား အလွန်အကျွံသုံး၍ လုံခြုံရေး စခန်းကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် လုံခြုံရေးအရ ပြန်လည်ဆောင်ရွက်ခဲ့ရကြောင်း ပြောသည်။
မိမိအနေဖြင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက်နှစ်ပတ် လည်နေ့၌ မိန့်ခွန်းပြောကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို လေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောကြားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေး နွေးသည့်အချိန်တွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။
#PeopleMedia