မိမိအဖွဲ့အစည်းကအားကိုးရသောခေါင်းဆောင်ကောင်းများဖြစ်စေရန် အမြဲကြိုးစားဆောင်ရွက်နေကြရန် ကာကွယ်ရေးဦးစီးချုပ်(ရေ) မှာကြား

PUBLISHED - January 24, 2025
နေပြည်တော်၊ ဇန်နဝါရီ ၂၄
မိမိအဖွဲ့အစည်းက အားကိုးရသော ခေါင်းဆောင်ကောင်းများဖြစ်စေရန် အမြဲကြိုးစားဆောင်ရွက်နေကြရန် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းက မှာကြားသည်။
တပ်မတော်(ရေ) အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၄)နှင့် တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၈) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယမန်နေ့တွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အတွက်သာမက နိုင်ငံတော်နှင့် တပ်မတော်အတွက် အားသစ်လောင်းမည့် မျိုးဆက်သစ်အရာရှိငယ်များကို အောင်မြင်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့နေ့တစ်နေ့ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း ရေကြောင်းသွားလာရေးဆိုင်ရာပညာရပ်များ၊ ရေကြောင်းအင်ဂျင်နီယာဆိုင်ရာပညာရပ်များ၊ ရေတပ်လက်နက်နှင့် လက်နက်စနစ်ဆိုင်ရာပညာရပ်များနှင့် ရေတပ်အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာပညာရပ်များကို စာတွေ့သင်ကြားပေးခဲ့သည့်အပြင် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်မှုများကိုလည်း စစ်ရေယာဉ်များတွင် တွဲဖက်၍ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း၊ ယခုသင်ကြားပေးလိုက်သည့် ရေတပ်ပညာရပ်များသည် ရေတပ်အရာရှိဘဝကို စတင်ရန်အတွက် အခြေခံမျှသာရှိသေးသဖြင့် Long Life Learning ဆိုသည့်အတိုင်း ဘဝတစ်လျှောက်လုံး လေ့လာသင်ယူသွားရန် အထူးလိုအပ်ကြောင်း ပြောသည်။
မိမိအဖွဲ့အစည်းက အားကိုးရသော ခေါင်းဆောင်ကောင်းများဖြစ်စေရန်၊ မိမိအရည်အသွေးကို တိုးတက်အောင် အမြဲကြိုးစားဆောင်ရွက်နေကြရန်၊ မှန်ကန်စွာခေါင်းဆောင်နိုင်ရေးအတွက် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော အသိပညာ၊ အတတ်ပညာများကို မိမိကိုယ်တိုင်တတ်မြောက်ပြည့်စုံရန် လိုအပ်သဖြင့် အလေးအနက်ထားလုပ်ဆောင်လိုက်နာရမည်ဖြစ်ကြောင်း၊ စည်းကမ်းအရာ၌ မိမိလက်အောက်ငယ်သားများကို စည်းကမ်းလိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်ရသကဲ့သို့ မိမိကိုယ်တိုင်ကလည်း စံနမူနာပြလိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မြော်မြင်နိုင်မှုနှင့် ဗဟုသုတကြွယ်ဝစေရန်အတွက် စာပေကောင်းများကို ဖတ်ရှုသွားရန်နှင့် Professional Skill အစဉ်မြင့်မားနေစေရေး လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် ဆောင်ပုဒ်အတိုင်း အလေးထားကျင့်ကြံလိုက်နာသွားရန်လိုအပ်ကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒညွှန်ကြားချက်များအား စဉ်ဆက်မပြတ်လေ့လာရမည့်အပြင် အသိပညာဗဟုသုတ ပြည့်ဝရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို မျက်ခြည်မပြတ်စေရန် လေ့လာမှတ်သားနေရန်လိုအပ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်(ရေ)က ပြောကြားခဲ့သည်။
#PeopleMedia