မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုးအတ္တကိုသာရှေ့တန်းတင်၍ အလုံးစုံပျက်စီးရေးကိုပြုလုပ်နေကြသူများ၏ ဆူပူ အကြမ်းဖက်မှုများကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုများနှင့် အလှမ်းဝေးဆဲဟု နစကဥက္ကဋ္ဌပြောကြား
PUBLISHED - February 22, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုးအတ္တကိုသာရှေ့တန်းတင်၍ အလုံးစုံပျက်စီးရေးကို ပြုလုပ်နေကြသူများ၏ ဆူပူ အကြမ်းဖက်မှုများကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုများနှင့် အလှမ်းဝေးဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိအခြေအနေ တွင် ချင်းပြည်နယ်နေရာဒေသအချို့အပါအဝင် နိုင်ငံ၏နေရာအချို့၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကိုအဖျက် အမှောင့်လုပ်ရပ်များပြုလုပ်နေခြင်းမှာ ပြည်နယ်၏အစဉ်အလာ ကောင်းများကိုမှေးမှိန်စေပြီး နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှကြောင်း၊ ထိုသို့ မတည်မငြိမ်ဖြစ်ရခြင်း အကြောင်းရင်းအမှန်တရားကို နားလည် ကြပြီး နိုင်ငံတော်ပြိုကွဲ ပျက်စီးအောင် လုပ်ဆောင်နေကြသူများ၊ အမှောင့်ပယောဂများကို သတိထားကြရန်နှင့် အဖျက်လုပ်ရပ်များကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန်လိုအပ်ကြောင်း ပြောသည်။
“ပြည်တွင်း ပြည်ပငြိမ်းချမ်းရေးရရှိစေဖို့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့အတွက် အလေးထားကြိုးစားဆောင် ရွက်နေသလို နိုင်ငံတကာအဖွဲ့အစည်းတွေ ပြည်ပနိုင်ငံတွေနဲ့လည်း မိတ်ဝတ်မပျက်ရင်းနှီးခင်မင်စွာ ဆက်ဆံ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးစားဆောင်ရွက်နေပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ ကောင်းရာကောင်းကျိုးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားတဲ့ ပြည်ပနိုင်ငံကြီးတွေနဲ့ ပြည်ပဩဇာခံအဖွဲ့အစည်းတွေ နိုင်ငံ့အကျိုးကိုပစ်ပယ်ပြီး မိမိအာဏာရရှိဖို့နဲ့ ကိုယ်ကျိုး အတ္တကိုပဲ ရှေ့တန်းတင်ပြီး အလုံးစုံပျက်စီးရေးကို ပြုလုပ်နေကြသူတွေရဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုတွေနဲ့ အလှမ်းဝေးဆဲ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ပုံမှန်အခြေအနေရောက်အောင် ထိန်းသိမ်းမြှင့်တင်ပြီးမှသာ ရှေ့ဆက်ရမည့် လုပ်ငန်းတာဝန်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် တည်ငြိမ်အေး ချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ဦးတည်ချက်ထားဖော်ဆောင်နေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော် အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia
(unicode)
……………………………………………
#PeopleMedia