မိုင်းကိုင်-နမ့်လန်သွားလမ်းပေါ်ရှိ တံတားရေတိုက်စားမှုကြောင့်ပျက်စီး
PUBLISHED - October 2, 2024
နေပြည်တော်၊ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့တွင် ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းကိုင်-နမ့်လန်သွားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းလုံချောင်းရေမြင့်တက်လာပြီး မိုင်းကိုင် – နမ့်လန်သွား လမ်းပေါ်ရှိ တံတားအမှတ်(၃/၉၁)၊ အလျား ၃၆၀ ပေ၊ အကျယ် ၃၀ ပေ၊ ခံနိုင်ဝန် ၆၀ တန်ရှိ ဆားတော သံကူကွန်ကရစ်တံတားသည် မွန်းလွဲ ၂ နာရီခန့်တွင် တံတား၏ မြောက်ဘက်ခြမ်းရှိ ချဉ်းကပ်လမ်းအကျယ် ၃၀ ပေ၊ အလျား ၃၀ ပေ ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှု ရပ်တန့်ခဲ့ရကြောင်း သိရသည်။
အဆိုပါရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်းပျက်စီးခဲ့သည့် သံကူကွန်ကရစ်တံတားအား မိုင်းကိုင်မြို့နယ်၊ လမ်း/တံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေး အတွက် အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia