မိုးညှင်းမြို့နယ်တွင် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - August 21, 2023
နေပြည်တော်၊ သြဂုတ် ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ ထွန်းလှ(ခ)သံချောင်း မောင်းနှင်ပြီး ရဲလင်း လိုက်ပါလာသည့် မော် တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် ၎င်းတို့သယ်ဆောင် လာသော ခရီးဆောင် အိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၁ ကီလို (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၂၇၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၅၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၂၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထွန်းလှ(ခ)သံချောင်း (၅၈)နှစ်နှင့် ရဲလင်း(၃၂)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia