မိုးညှင်းမြို့နယ်တွင် သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - November 14, 2024
နေပြည်တော်၊ နိုဝင်ဘာ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၅နာရီ ၅၅ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းသူရ(ခ)ရာဇာမြင့် မောင်းနှင်ပြီး မစိန်းမြ နှင့် မမျိုးသူဇာလှိုင်(ခ)သူဇာ တို့လိုက်ပါလာသော သုံးဘီးဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၄.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၉နာရီ အချိန် ဂမ်ဒီး(ခ)ဂမ်အောင်အား မိုးညှင်းမြို့၊ အောင်သပြေ(၁)ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၅၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၇၀)၊ TOYOTA HILUX SURF မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းသူရ(ခ)ရာဇာမြင့်(၂၃)နှစ်၊ မစိန်းမြ(၆၄)နှစ်၊ မမျိုးသူဇာလှိုင် (ခ)သူဇာ(၃၂)နှစ်နှင့် ဂမ်ဒီး(ခ)ဂမ်အောင်(၃၄)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
#PeopleMedia