မိုးညှင်းမြို့နယ်တွင် NISSAN AD ယာဉ်ပေါ်မှ သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

PUBLISHED - January 22, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် NISSAN AD ယာဉ်ပေါ်မှ သိန်း ၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အောင်တင်ဝင်း(ခ)ကိုအောင် မောင်းနှင်ပြီး သိန်းကိုဌေး(ခ)သိန်းကို လိုက်ပါလာသည့် NISSAN AD အမျိုး အစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၁.၆၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၁၂.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၆.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ အောင်တင်ဝင်း(ခ)ကိုအောင် (၄၉) နှစ်နှင့် သိန်းကိုဌေး(ခ)သိန်းကို (၃၇) နှစ်တို့အား မိုးညှင်းမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia