မိုးညှင်းမြို့နယ်ရှိ မီးရထားသံလမ်းကူးတံတား ၂ စင်းအား အကြမ်းဖက်များမှ မိုင်းထောင်ဖောက်ခွဲ
PUBLISHED - September 9, 2023
နေပြည်တော်၊ စက်တင်ဘာ ၉
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ မီးရထားသံလမ်းကူးတံတား ၂ စင်းအား အကြမ်းဖက်သမားများက မိုင်း ထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မိုးညှင်းမြို့နယ်၊ ငါးမိုင်ကျေးရွာ၏ မြောက်ဘက် ကိုက် ၇၀၀ ခန့်အကွာ ဟိုပင်ဘူတာနှင့် နန်းခွင်ဘူတာကြား၊ မန္တလေး-မြစ်ကြီးနားသွားရထားလမ်းမိုင်တိုင်အမှတ် ၆၅၆ မိုင် ၁၆ ဖာလုံနှင့် ၁၈ ဖာလုံကြားရှိ အရှည်ပေ ၃၂၀ ခန့်ရှိသော အမှတ်(၆၃၀)တံတားဒေသအခေါ် ငါးမိုင် ချောင်းရထားသံလမ်းကူးတံတားကို အကြမ်းဖက်များက ဖောက်ခွဲခဲ့သဖြင့် တံတား၏ ဇလီဖားတုံး ၅ တုံး၊ ချုပ်တန်း ၂ ချောင်း၊ Bracing ကန့်လန့်ဖြတ်ချုပ်တန်း ၂ ချောင်း၊ Running Way ၂ ချောင်း၊ Guard Way ၂ ချောင်းနှင့် ရေလည်တိုင်အုတ်ခုံတို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အတူ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်ကြား၊ မန္တလေး-မြစ်ကြီးနားသွား ရထားလမ်းမိုင်တိုင်အမှတ် ၆၅၄ မိုင် ၇ ဖာလုံနှင့် ၈ ဖာလုံကြားရှိ အရှည် ပေ ၈၀ ခန့်ရှိသည့် ဒေသအခေါ် သဝပ်ချောင်းရထားသံလမ်းကူးတံတား ကို အကြမ်းဖက်များက ဖောက်ခွဲခဲ့သဖြင့် တံတား၏ ၃ တိုင်မြောက် ရေလည်အုတ်ခုံတိုင် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။
ထိုသို့ရထားသံလမ်းကူးတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အရေးယူနိုင်ရေးနှင့် နယ်မြေ ဒေသတည်ငြိမ်းအေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia