မိုးညှင်းမြို့နယ်အတွင်း နွားပျောက်၍ တောထဲ၌ လိုက်လံရှာဖွေသည့် မိသားစု မိုင်းစထိမှန် တစ်ဦးသေ၊ သုံးဦး ထိခိုက်ဒဏ်ရာရရှိ

PUBLISHED - December 6, 2023
မိုးညှင်း၊ ဒီဇင်ဘာ ၆
မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းအုပ်စု၊ အာလဝီကုန်းရပ်ကွက်တွင်နေထိုင်သည့် ဒေသခံပြည်သူ၏ နွားပျောက်ဆုံး ၍ ယနေ့ နံနက် ၉ နာရီအချိန်က တောထဲ၌ နွားလိုက်လံရှာဖွေရာ မိုင်းစထိမှန်၍ သားအမိလေးဦးအနက် တစ်ဦး သေပြီး သုံးဦး ထိခိုက်ဒဏ်ရာ အပြင်းထန်ရရှိခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာလ ၆ ရက် ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် အာဝလီကုန်းရပ်ကွက်နေသူ ဦးထွန်းလင်း၏ ဇနီးဖြစ်သူ အပါအဝင် ကလေးငယ်သုံးဦးတို့သည် နွားအား လိုက်လံရှာဖွေရာမှ မိုင်းစ ထိမှန်၍ (၇) နှစ်အရွယ် ယောကျာ်း လေးတစ်ဦး မိုင်းစထိမှန်သေဆုံးခဲ့ကြောင်း အာဝလီကုန်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောပြသည်။
“ဦးထွန်းလင်းရဲ့ နွားပျောက်လို့ သူတို့ မိသားစုတွေ တောထဲ မှာ နွားလိုက်ရှာရင်း ဖြစ်တာလို့ သိရတယ်။ မိုင်းစ ထိမှန်လို့ အသက် ခုနှစ်နှစ်အရွယ် သားလေးတစ်ယောက် သေဆုံးခဲ့တယ်။ ကျန်တဲ့သူတွေလည်း မိုင်းစထိလို့ ဒဏ်ရာအပြင်းအထန်ရကြတယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ နွားပျောက်၍ တောထဲ၌ လိုက်လံရှာဖွေသူများ အနက် အသက် (၃၆) အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၈) နှစ်အရွယ် ယောကျာ်းလေး တစ်ဦး၊ အသက် (၇) အရွယ် ယောကျာ်းလေး တစ်ဦး၊ အသက် (၃) နှစ်အရွယ် ယောကျာ်းလေးတစ်ဦး၊ လေးဦးမိုင်းစထိမှန်ခဲ့ရာ အသက် (၇) အရွယ် ယောကျာ်းလေးမှာ မိုင်းစထိ မှန်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းစထိမှန် သေဆုံးသူနှင့် ဒဏ်ရာအပြင်းအထန် ရရှိသူများအား မိုးညှင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်းနှင့် ဒဏ်ရာရရှိသူများမှာ ဆေးကုသခံယူနေရကြောင်း သိရသည်။
ယခုနှစ်အတွင်း မိုးညှင်းမြို့နယ် အတွင်း ယခုကဲ့သို့ လယ်တော၊ တောစပ်အနီးဝန်းကျင်များတွင် မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော်နှင့် သေဆုံးသူ ၂ ဦးထက်မနည်း ရှိကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
ပိုင်ကြီး
#PeopleMedia