မိုးညှင်းမြို့၌ သတင်းထောက်(ဟောင်း) တစ်ဦးကို KIA/PDF က မသေမချင်း ပစ်ခတ်သတ်ဖြတ်
PUBLISHED - September 5, 2023
မိုးညှင်း၊ စက်တင်ဘာ ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အရှေ့စု ရပ်ကွက်အတွင်း ယမန်နေ့ ညနေပိုင်းက သတင်းထောက် (ဟောင်း)တစ်ဦးကို KIA/PDF က မသေမချင်း ပစ်ခတ်သတ်ဖြတ်လိုက်သည်။
မိုးညှင်းမြို့၊ အရှေ့စု ရပ်ကွက်တွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးရေး လုပ်ငန်း ၊သတင်းထောက်(ဟောင်း) လုပ်ကိုင်သူအသက် ၅၀ ခန့်အရွယ် ဦးသန်းထွန်းအောင် ဆိုသူသည် ၎င်း၏ အမျိုးသမီးနှင့်အတူ ဆိုင်ကယ်စီးလာစဉ်KIA/PDF အဖွဲ့ဝင် (၂) ဦးက ဦးသန်းထွန်း အောင်ကို သေနတ်ဖြင့် မသေမချင်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ၎င်း၏ မိတ်ဆွေအချို့ထံက သိရသည်။
“သူက သူ့အမျိုးသမီးနဲ့ အတူ ဈေးဝယ်ပြီး ပြန်လာတဲ့ အချိန် အပစ်ခံရတာ သိရတယ်၊ သူကိုပဲ သေနတ်နဲ့ အနီးကပ် မသေမချင်း ပစ်သွားတာလို့ ကြားတယ်၊ ကျနော်တို့ ဆေးရုံကို ရောက်တော့ သူအသက်မရှိတော့ဘူး၊ ညာနားထင်မှာ တစ်ချက်တွေ့တယ်၊ ဘယ်နံကြားမှာ တစ်ချက်နဲ့ ညာလက်ဖျံမှာ တစ်ချက် သေနတ် ဒဏ်ရာ သုံးချက်တွေ့ရတယ်၊ အပစ်ခံရတဲ့နေရာပဲ သေဆုံးသွားတာ ဖြစ်မယ်၊ စိတ်မကောင်းစရာပါပဲဗျာ” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောပြသည်။
ယင်းကဲ့သို့ မြို့ပေါ်ရပ်ကွက် အတွင်း လူတစ်ဦးကို အကြမ်းဖက် ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုသည် ထိတ်လန့် ကြောက်ရွံ့ဖွယ်ဖြစ်ကြောင်း မြို့ခံတစ်ဦး ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။
“ညနေငါးနာရီခွဲဆိုတဲ့ အချိန်က ဒီလမ်းမှာ လူမပြတ်သေးဘူး၊ ဘာကြောင့် သတ်တယ်ဆိုတဲ့ အကြောင်းအရင်း ကို မသိပေမယ့်၊ သတ်တဲ့ သူတွေက တော်တော် အတင့်ရဲကြတယ်၊ မြို့ပေါ်ရပ်ကွက်မှာ လူတစ်ဦးကို ကြက်က လေး ငှက်ကလေး သတ်သလို သတ်သွားတာက တော်တော်ကို ထိတ်လန့်စရာပဲဗျာ။” ဟု မြို့ခံတစ်ဦးက သုံး သပ်ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးနေပြီး လူတစ်ဦးအား သေဆုံးသည်အထိ လုပ်ကြံသတ်ဖြတ်သွားသည့် ယင်းသေနတ်သမားများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း – ပိုင်ကြီး
ဓါတ်ပုံ – အခင်းဖြစ်ပွားသည့် နေရာ
#PeopleMedia