မိုးညှင်း၊ ပုသိမ်ကြီးနှင့် ရပ်စောက်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

PUBLISHED - December 8, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၈
မိုးညှင်း၊ ပုသိမ်ကြီးနှင့် ရပ်စောက်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာအနီးတွင် Express ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မယွန်းဝါ(ခ) မဝါထံမှ ဘိန်းဖြူ ၃ ဒသမ ၃ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာအနီးတွင် Nissan AD VAN ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် မစက်ညွန့်(ခ)မိချောနှင့် မစုစုမာတို့ထံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ် မန်ကျည်းကုန်းကျေးရွာအုပ်စု ကြာအင်းကျေးရွာအနီးတွင် မောင်မောင်တင် မောင်းနှင်လာသည့်ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာစိတ်ကြွရူးသွပ်ဆေးပြား ၆၂၀၀ ကိုလည်းကောင်း၊ ဒီဇင်ဘာ ၆ ရက် နံနက် ၁၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့ မြို့ဦးရပ်ကွက် ရွှေညောင်-ရပ်စောက်သွားကားလမ်းတွင် သော်တာမောင်းနှင်ပြီး မနွဲ့ကြည်လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
#PeopleMedia