• Follow Us on
Latest News

Home မိုးထိမိုးမိဒေသတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူ (၇) ဦးအား ရွှေတူးဖော်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မိုးထိမိုးမိဒေသတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူ (၇) ဦးအား ရွှေတူးဖော်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေသူ (၇)ဦးအား ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

 

နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၆ နာရီတွင်  ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး ဒေသအခေါ် ဘက်ဟိုးတောင်ကုန်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါတောင်ကုန်းအနီး၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသော ပျော်ဘွယ်မြို့နယ်၊ ကြူတောဝကျေးရွာနေ ဦးဇော် (၅၂) နှစ်နှင့် ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာနေသူများဖြစ်ကြသည့် လွင်ကိုနိုင် (၂၈) နှစ်၊ ကျော်သက်ပိုင် (၂၂) နှစ်၊ ဦးမောင် (၆၀) နှစ်၊ နိုင်ကောင်းထက် (၂၂) နှစ်တို့ ၅ ဦးအား တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူ သပြေပင်ကျေးရွာနေ တင်လင်း (၄၅) နှစ်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ တင်လင်းအား တွေ့ရှိခြင်းမရှိဘဲ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်သူများ ဖြစ်ကြသည့် အဆိုပါကျေးရွာနေ ဝင်းစိုး (၃၂)နှစ်နှင့် ညောင်အိုင်ကျေးရွာနေ အောင်စိုးဦး (၁၆) နှစ်တို့ ၂ ဦးအား နေအိမ်ခြံဝင်းအတွင်းမှ ရွှေပါသည်ဟု ယူဆရသည့် ဗြုန်းကျောက်အိတ်ပိုင်း ၃၅ ပိုင်း၊ သဲစာ အိတ်ပိုင်း ၂၀ ပိုင်း၊ ဗြုန်းကျောက်များကြိတ်ရာတွင် အသုံးပြုသည့် ရိုက်ပြား ၅ ပြားနှင့် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဆက်လက်ပြီး ယင်းနေ့ ည ၆ နာရီခွဲတွင် မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး ဒေသအခေါ် ဘက်ဟိုးတောင်ကုန်းအနီးဝန်းကျင်သို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် တရားမဝင်ရွှေတူးဖော် လုပ်ကိုင်နေသူများအား တွေ့ရှိရခြင်းမရှိဘဲ ရွှေပါသည်ဟု ယူဆရသည့် ဗြုန်းကျောက်အိတ်ပိုင်း ၁၅ ဝိုင်း၊ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆိုလာပြား ၁ ချပ်၊ ဘတ္ထရီအိုး ၁ လုံး၊ လက်ဆွဲ မီးစက် ၁ လုံး၊ ဒီဇယ်အင်ဂျင် ၁ လုံး၊ ဒိုင်နမို ၁ လုံး၊ လက်တွန်းလှည်း ၁ စီး၊ SHAYAN-125 ဆိုင်ကယ် ၁ စီးပါ ဆိုင်ကယ်မျိုးစုံ ၁၃ စီးအားလည်းကောင်း အသီးသီးတွေ့ရှိသိမ်းဆည်းရမိခဲ့‌ကြောင်း ထုတ်ပြန်ထားသည်။

 

စစ်ဆေးမှုများအတွင်း ဖမ်းဆီးရမိသည့် တရားမဝင်ရွှေတူးဖော်လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်ပါ တရားခံ ၇ ဦး၊ ဖမ်းဆီးရန်ကျန်တရားခံ တင်လင်းနှင့် တရားခံ (စိစစ်ဆဲ) များအား ရမည်းသင်းမြို့မရဲစခန်း၌ မြန်မာ့သတ္ထုတွင်း ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အမှုများအသီးသီးရေးဖွင့်ကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိ‌ကြောင်း နစကမှ ထုတ်ပြန်သည်။

 

#PeopleMedia


Share this post