• Follow Us on

Home မိုးမိတ်မြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

မိုးမိတ်မြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၉

 

KIA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဇန်နဝါရီ ၁၈ ရက်မှစ၍ မိုးမိတ် မြို့ လုံခြုံရေးစခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများ၊ လူနေအိမ် များနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက် အဖျက် အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

 

ထိုသို့လုပ်ဆောင်လျက်ရှိသည့် KIA ၊ TNLA   အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများအား တပ်မတော် စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation)ကို စစ်ကူ၊ စစ် ကြောင်းများ၊ အမြောက်နှင့် လက်နက်ကြီးပစ်ကူများဖြင့် ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့ တိုက်ပွဲ (၁၆)ကြိမ် ဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့အား ဇန်နဝါရီ ၂၇ ရက်တွင် တပ်မတော် စစ်ကြောင်းများက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် မိုးမိတ်မြို့၏ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်များသို့ ကစဉ်ကလျား ဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုးမိတ်မြို့နှင့် အနီးပတ် ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်သမားများအနေဖြင့် မိုးမိတ်မြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း စစ်ရေးနှင့် သက်ဆိုင်ခြင်း မရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက် အဦများ၊ လူနေအိမ်များတွင် သဲအိတ်များ စီ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက် ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ် တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ထုတ်ပြန်ထား သည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(Rules of Engagement-ROE)နှင့်အညီ ချေမှုန်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမား များထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက် လုပ်ငန်း များလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 

KIA ၊ TNLAအဖွဲ့နှင့် PDFအမည်ခံအကြမ်းဖက်သမားများအနေဖြင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦ များ၊ ဌာနဆိုင်ရာ အဆောက်အဦများအား အကာအကွယ်ပြု၍ ဘန်ကာများဆောက်လုပ်တိုက်ခိုက်ခဲ့ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိုးမိတ်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှား ရှင်းလင်းပေးခြင်း၊ စာသင်ကျောင်း ပျက်စီးမှုများအား ပြန်လည် ပြုပြင်ပေးခြင်း၊ မိုင်း ရှင်းလင်းပေးခြင်းများ စသည့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင် ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post