မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မန်းရွှေစက်တော်အောက်စက်တော်ရာနဂါးအိုင်ဘက်ခြမ်းမှစ၍ ရင်ပြင်တော်အထက်သို့ ရေများဝင်ရောက်
PUBLISHED - September 13, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၌ ယခုရက်ပိုင်း မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရွှေစက်တော် အောက်စက်တော်ရာ နဂါးအိုင်ဘက်ခြမ်းမှစ၍ ရင်ပြင်တော်အထက်သို့ ရေများဝင်ရောက်နေပြီဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကာ နေ့စဉ် မိုးများ အဆက် မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းအတွင်း၌ စက်တင်ဘာလ ၁၂ ရက်၊ ညနေ ၄ နာရီအချိန်မှစတင်ကာ မန်းချောင်းရေများ တဖြည်းဖြည်းတိုးမြင့်ဝင်ရောက်စီးဆင်းလျက်ရှိကြောင်း သိရသည်။
မန်းချောင်းအတွင်း ရေကြီးမှုဖြစ်ပွားရခြင်းမှာ မန်းရွှေစက်တော်ဘုရား အထက်ပိုင်းရှိဒေသများ၌ နေ့စဉ်မိုးများ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများက ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်းသို့ စီးဆင်းဝင် ရောက်ကာ အဆိုပါမန်းချောင်းများမှတစ်ဆင့် ရွှေစက်တော်မန်းချောင်းအတွင်းသို့ ဆက်လက်ဖြတ်သန်းစီးဆင်း ခြင်းဖြစ်ကြောင်း၊ မိုးများ၍ သာမာန်ရေကျော်ခဲ့ခြင်းဖြစ်သည့်အတွက် ဘုရားကြီးတွင်ထိခိုက်ပျက်စီးမှုမရှိခဲ့ ကြောင်း သိရသည်။
#PeopleMedia