မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းတို့တွင် ရထားလမ်းများရေကျော်နေသဖြင့် လူစီးရထားခရီးစဉ်များခေတ္တရပ်နားခဲ့ရ

PUBLISHED - October 9, 2023
နေပြည်တော်၊ အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနှင့် ပဲခူး-မော် လမြိုင် ရထားလမ်းပိုင်းတို့တွင် ရထားလမ်းများရေကျော်နေသဖြင့် လူစီးရထားခရီးစဉ်များ ခေတ္တရပ်နားခဲ့ရ ကြောင်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ရေများ အရှိန် အဟုန်ဖြင့် စီးဆင်းလာခြင်းနှင့် ဇောင်းတူဆည်နှင့် ကဒူကွင်းဆည်တို့၏ ရေပိုလွှဲ ရေကျော် စီးဆင်းလာခြင်းတို့ သောကြောင့် ပဲခူးမြို့နယ်၊ ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား၊ မိုင်တိုင်အမှတ် (၅၀/၃-၇) ရထားလမ်း အလျား ပေ၅၀၀ခန့်တွင် သံလမ်းအပေါ် ရေ ၁၈ လက်မခန့် ကျော်တက်နေပြီး ရထားများဖြတ်သန်းနိုင်မှုမရှိသဖြင့် လူစီး အမြန်ရထား (၂) စင်း ခေတ္တရပ်နားထားရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မန္တလေးမှ ထွက်ခွာလာသော အမှတ်(၄)အစုန် လူစီးအမြန်ရထားသည် ပျဉ်ပုံကြီးဘူတာ ၌ နံနက် (၈) နာရီတွင်လည်းကောင်း၊ ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မော်လမြိုင်မှ ထွက်ခွာလာသော အမှတ်(၈၂) အစုန် လူစီးအမြန်ရထားသည် ဝေါဘူတာ၌ နေ့လည် ၂ နာရီ ၃၀ မိနစ်တွင်လည်းကောင်း အသီးသီးရောက်ရှိ နေပြီး ရေပြန်လည်ကျဆင်းမည့်အချိန်ကို စောင်းဆိုင်းလျက်ရှိကြောင်း သိရသည်။
ရထားလမ်းရေကျော်တက်မှု ကြာမြင့်နိုင်မည့်အခြေအနေကြောင့် မြန်မာ့မီးရထား တာဝန်ရှိသူများက ပျဉ်ပုံကြီး ဘူတာတွင်ရှိနေသော အမှတ်(၄)အစုန် လူစီးအမြန်ရထားမှ ခရီးသည် (၃၀၀)ဦးခန့်အား နေ့လည်စာထမင်းဘူး များ၊ သောက်ရေ/သုံးရေများ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရ၏ စီစဉ်ကြီးကြပ်မှုဖြင့် နေ့လည်(၂)နာရီတွင် အဆိုပါရထားပေါ်၌ရှိနေသော ရန်ကုန်သို့ သွားရောက်မည့် ခရီးသည် (၂၂၅)ဦးအား မော်တော်ယာဉ်ကြီး(၅)စီးဖြင့် ပျဉ်ပုံကြီးမှ ရန်ကုန်ဘူတာ ကြီးအထိ ဆက်လက်ရွှေ့ပြောင်းပို့ဆောင်ပေးလျက်ရှိပါသည်။
ထို့အတူ အမှတ်(၈၂)အစုန် အမြန်ရထားတွဲဆိုင်းအား ကလိဘူတာ သို့ရွှေ့ပြောင်းပြီးနောက် ခရီးသည် (၅၇၀) ဦးတို့အား မော်တော်ယာဉ်ကြီး(၁၀)စီးဖြင့် ရန်ကုန်ဘူတာကြီးသို့ ရွှေ့ပြောင်းပို့ဆောင်ပေးနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရထားလမ်းရေကျော်တက်မှုအခြေအနေသည် ရထားများဖြတ်သန်းသွားလာနိုင်ခြင်းမရှိသောကြောင့် မြန်မာ့မီးရထားအနေဖြင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတို့မှ စတင်ထွက်ခွါမည့် အစုန်/အဆန် အမြန်ရထား (၄) စင်းတို့၏ခရီးစဉ်များကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။
#PeopleMedia