• Follow Us on
Latest News

Home မိုးဦးကာလရေယာဉ်များ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်း သတိပေးနှိုးဆော်ချက် ထုတ်ပြန်

မိုးဦးကာလရေယာဉ်များ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်း သတိပေးနှိုးဆော်ချက် ထုတ်ပြန်

Share this post

နေပြည်တော်၊ မေ ၃၁

 

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ် ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည်ဖြစ်သည်။ မြစ်ရေတက်လာမှုပေါ် မူတည်၍ ရေယာဉ်များ အန္တရာယ် ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်သည်။

 

ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန်အမှတ်အသားများ တစ်ခါတရံပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန် လိုအပ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေ တက်လာမှုကြောင့် ရေနည်းကာလတွင် ပေါ်ထွန်းခဲ့သော သောင်နှင့် ကျွန်းများ ရေမြုပ်၍ ရေမြွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် ရေအနက်မလုံလောက်သော ရေမြွှာပေါက်ဖြတ်လမ်း များကို ဖြတ်သန်းခုတ်မောင်းခြင်း မပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့် ရေစီးနှုန်းကိုချင့်ချိန်၍ သတ်မှတ် ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းရန် လိုအပ်သည်။

 

မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံ အမှတ်အသား ပြသထားပြီး ညအခါ မီးစိမ်းထွန်း ပြသထားသည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါအနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသထားပြီး ညအခါ မီးနီထွန်း ပြသထားသည်။

 

ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင် အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင် နှစ်တိုင် အကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတား ရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့် တက်မစနစ်များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်း ခြင်းမပြုကြရန် လိုအပ်သည်။ အထူးသဖြင့် သယ်ဆောင်ဝန်နှင့် စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်း ကြရမည်ဖြစ်သည်။ မနိုင်ဝန်ကို သယ်ဆောင်ခြင်းမပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည် ဖြစ်သည်။

 

ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှုဖြစ်ပေါ်သည့်အခါ ရေ ယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် သတိပြုခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များ လိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post