မီဒီယာလုပ်ငန်းမှာ အစုရှယ်ယာတွေပိုင်ဆိုင်ထားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပတ်သက်ပြီး ပထမအဆင့်မှာ ပီတာ လွတ်မြောက်
PUBLISHED - August 15, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၅
ထိုင်းနိုင်ငံက iTV မီဒီယာကုမ္ပဏီမှာ Move Forward ပါတီခေါင်းဆောင်လည်းဖြစ်ပြီး ပါတီရဲ့ဝန်ကြီးချုပ်လောင်း လည်းဖြစ်တဲ့ ပီတာလင်းဂျားရင်းနတ် အစုရှယ်ယာတွေပိုင်ဆိုင်ထားတယ်ဆိုပြီး ကန့်ကွက်လွှာတင်သွင်းခဲ့တာကို ပယ်ချလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက တနင်္လာနေ့ (သြဂုတ်လ ၁၄ ရက်နေ့) က ဆုံးဖြတ်ချက်ချလိုက်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မစ္စတာပီတာဟာ iTV မီဒီယာကုမ္ပဏီမှာ အစုရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ထားတာကြောင့် ရွေးကောက်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရောင်ခရိုင်လီးကစ်ဝတ္ထနာက ကန့် ကွက်လွှာတင်သွင်းခဲ့ပြီးနောက် ဇူလိုင်လအတွင်းက ရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ညွှန် ကြားခဲ့ပါတယ်။
ထိုင်း iTV မီဒီယာကုမ္ပဏီဟာ လက်ရှိအချိန်မှာ မီဒီယာလုပ်ငန်းတွေလုပ်ကိုင်နေဆဲဖြစ်တယ်လို့ ရောင်ခရိုင်က စွပ်စွဲခဲ့ပါတယ်။ မီဒီယာလုပ်ငန်းတစ်ခုခုမှာ အစုရှယ်ယာပိုင်ဆိုင်ထားသူကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တားမြစ်ထားပါတယ်။
ဒါပေမဲ့ iTV မီဒီယာကုမ္ပဏီဟာ လက်ရှိအချိန်မှာ မီဒီယာလုပ်ငန်းတွေလုပ်ကိုင်ခြင်းမရှိတော့သလို အမတ် လောင်းလျှောက်ထားချိန် ဧပြီ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကြားကာလမှာလည်း မစ္စတာပီတာအနေနဲ့ အဲဒီ လုပ်ငန်းကနေ ဘာဝင်ငွေမှ မရရှိခဲ့တဲ့အတွက် ကန့်ကွက်တိုင်တန်းလွှာကို ပယ်ချသင့်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
စုံစမ်းစစ်ရေးကော်မတီဟာ ၎င်းတို့ရဲ့ဆုံးဖြတ်ချက်ကို စဉ်းစားဖို့ ရွေးကောက်ပွဲကော်မရှင် ကော်မတီခွဲကို ပေးပို့ တင်ပြသွားမှာဖြစ်ပြီး အဲဒီကော်မတီခွဲက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ အပြီးသတ်ဆုံးဖြတ်ချက်ချနိုင် အောင်ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကော်မတီခွဲအနေနဲ့ ဆုံးဖြတ်ချက်မခင် မကြာခင်မှာ မစ္စတာပီတာကို စွပ်စွဲချက်တွေ ပြန်လည်ဖြေရှင်းဖို့ ဆင့်ခေါ်နိုင်ပြီး ကော်မတီခွဲရဲ့ ဆုံးဖြတ်ချက်ဟာလည်း စုံစမ်းစစ်ရေးကော်မတီရဲ့ဆုံးဖြတ် ချက်နဲ့ ကွဲလွဲနိုင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ အကြိမ် ၃၀ မြောက်ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခံရပေမဲ့ ဝန်ကြီးချုပ်ရွေးကောက်ပွဲ မှာ လုံလောက်တဲ့ထောက်ခံမဲမရရှိခဲ့တဲ့ ပီတာဟာ ဥပဒေကြောင်းဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ကို ပြန်လည်ပြင် ဆင်ဖို့ အဆိုပြုခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဟာ မစ္စတာပီတာနဲ့ Move Forward ပါတီကို တရားစွဲဆိုဖို့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
Ref: Pita cleared in first round of media shareholding enquiry
#PeopleMedia