မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်
PUBLISHED - May 24, 2024
နေပြည်တော်၊ မေ ၂၄
မုန်တိုင်းငယ်သည် ကနဦးတွင် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ မေလ ၂၅ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ် သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယနေ့မြန်မာစံတော်ချိန် နံနက် ၉နာရီ ၃၀မိနစ် အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်း သောလေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌ မုန်တိုင်းငယ် အဖြစ်သို့ ရောက် ရှိခဲ့သည်။
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၆၀ မိုင် ခန့်၊ ဂွမြို့၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်၊ သံတွဲမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင် ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်၊ ကန်နင်း မြို့၏ တောင်ဘက် ရေမိုင် ၄၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရ သည်။
အဆိုပါ မုန်တိုင်းငယ်သည် မြောက်လတ္တီကျု ၁၅.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၈.၄ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ဖြစ်သည်။
အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်း လာနိုင်ကာ မေလ ၂၅ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန် တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ထိုမှတစ်ဆင့် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မေလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ကာ၊ မေလ ၂၇ရက်နေ့ နံနက် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ၊ ဆာဂါကျွန်းတို့အကြားမှ ဖြတ် ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ မေလ ၂၇ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
#PeopleMedia