မုန်လိုင်ချက်၌ ပေါက်ကွဲမှုဖြစ်စဉ်သည် အမိုနီယမ်နိုက်ထရိတ်(ယမ်း) တန်ချိန် တစ်ရာကျော်ရှိသည့် သိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားကြောင်း န-စ-က ထုတ်ပြန်

PUBLISHED - October 11, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ လိုင်ဇာဒေသရှိ မုန်လိုင်ချက်၌ ပေါက်ကွဲမှုဖြစ်စဉ်သည် အမိုနီယမ်နိုက်ထရိတ် (ယမ်း) တန်ချိန် တစ်ရာကျော်ရှိသည့် သိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားကြောင်း န-စ-က မှထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၉ ရက် ညသန်းခေါင်ယံအချိန်တွင် မုန်လိုင်ချက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမူကြောင့် KIA အဖွဲ့နှင့် ၎င်းတို့၏ မိသားစုဝင်တစ်ချို့တို့မှ ကလေးငယ်များအပါအဝင် လူပေါင်း (၃၀) ဝန်းကျင်ခန့် ထိခိုက်သေဆုံးပြီး ဒဏ်ရာများလည်း ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ပေါက်ကွဲသည့်ဂိုထောင်အတွင်း အမိုနီယမ်နိုက်ထရိတ်(ယမ်း) ၁၀၅ တန်ခန့်နှင့် အခြားပေါက်ကွဲ စေတတ်သည့် ပစ္စည်းများသိုလှောင်ထားကြောင်း၊ ထိုဂိုထောင်မှာ မတော်တဆ တစ်ခုခုကြောင့် ရုတ်တရက် ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနယ်စပ် ဂိတ်တွင်လည်း တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများလည်း ဆောင်ရွက်နေတယ်လို့ ထုတ်ပြန် ချက်တွင် ပါရှိသည်။
ထိုအမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံမှာ KIA အဖွဲ့ခေါင်းဆောင်များနှင့် ဒေါ်အားလီ(အားလီကျဲ) တို့ မှပိုင်ဆိုင်ကြောင်း၊ ထိုပေါက်ကွဲမှုမှာ လိုင်ဇာမြို့၌ (၂) မိုင်ခန့်သာကွာဝေးကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်အနီး လိုင်စင်ပို့စ်အနီး ခဲယမ်းသိုလှောင်ရုံတွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း လိုင်ဇာဒေသ၊ ဂျာထူဂေါင်ရှိ မိုင်းစက်ရုံ၌ ခဲယမ်းနှင့်မိုင်းများပေါက်ကွဲပျက်စီးမှုကြောင့် KIA အဖွဲ့ဝင်များနှင့် မိသားစုဝင်များလည်း ထိခိုက်သေကြေဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။
Photo – Credit
#Peoplemedia