• Follow Us on
Latest News

Home မုန်းမြို့ရှိ နယ်မြေခံတပ်ရင်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ထိန်းချုပ်

မုန်းမြို့ရှိ နယ်မြေခံတပ်ရင်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ထိန်းချုပ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၆

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများနှင့် မြို့ဝင်သံတံတားတို့အား KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အား ၁၅၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး မုန်းမြို့အား ဒီဇင်ဘာ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် လုပ်ကြံ၍ သတင်းအမှားများ ဖြန့်ချိဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်အမှန်မှာ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းကစ၍ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်း ၁ ရင်းအား သာလွန်အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများက စနစ်တကျ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းအထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက် သမားများအနေဖြင့် ထိခိုက်ကျဆုံး မှုများပြားသော်လည်း အင်အားထပ်မံဖြည့်တင်း၍ တိုက်ခိုက်လာသည့်အတွက် ညနေပိုင်းတွင် မိသားစုဝင်များ ဘေးအန္တရာယ် ကင်းရှင်းစေရေး သင့်လျော်သည့်နေရာသို့ နည်းဗျူဟာအရ ခေတ္တ ဆုတ်ခွာခဲ့ရပြီး အဆိုပါ မိသားစုများကို လုံခြုံစိတ်ချရသည့်နေရာသို့ လေကြောင်းအကူအညီဖြင့် စနစ်တကျပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

“အင်အား ၁၅၀၀ လောက်နဲ့ မုန်းတစ်နယ်လုံးကိုသိမ်းပြီးပြီ၊ မုန်းတိုက်နယ်တစ်ခုလုံးကို သိမ်းပြီးပြီ ဆိုတဲ့ ကောလာဟလလွှင့်ထုတ်မှုမျိုးတွေရှိပါတယ်။ ဖြစ်စဉ်ကတော့ ဒီဇင်ဘာလ ၃ ရက်နေ့မနက်ပိုင်းကနေစပြီး ဖြစ်ပွားခဲ့တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ မနေ့ကအထိ ပြင်း ပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့ တချို့နေရာတွေမှာ မိသားစုတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရတာတွေရှိပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှာလည်း ကျွန်တော်တို့ကစနစ်တကျပြန်လည်စုဖွဲ့ပြီးတော့ ကျွန်တော်ပြောခဲ့ တဲ့ တပ်ရင်းတစ်ရင်းကိုပြန်လည်ဝင်ရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက် လျက်ရှိပါ တယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

အဆိုပါ အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နေရာသို့ တပ်မတော်စစ်ကူစစ်ကြောင်းများ ဖြည့် တင်း၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရယူကာ ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် စနစ်တကျ စုဖွဲ့လျက် ပြန်လည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ အကျအဆုံးများစွာဖြင့် မွန်းလွဲပိုင်းတွင် မြို့၏ မြောက်ဘက်နှင့်အရှေ့ဘက်သို့ ဖရိုဖရဲဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားခဲ့ပြီး အကြမ်းဖက်သမားများ ခေတ္တဝင်ရောက်နေရာယူထားသည့် နယ်မြေခံ တပ်ရင်းအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ကာ မုန်းမြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် အကြမ်းဖက်သမားများထံမှ အလောင်း၊ လက်နက် အချို့ သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်  အတွင်း ခေတ္တတိမ်းရှောင်စဉ် ထပ်မံထိတွေ့မှု ဖြစ်ခဲ့သည့် အရာရှိ/စစ်သည်အချို့နှင့် မြို့တွင်းနေ ရဲမေအချို့တို့ အကြမ်းဖက်သမား များ၏ ဖမ်းဆီးခြင်းခံရကာ အချို့အရာရှိ/စစ်သည်/ရဲမေများ ပြန်လည်လွတ်မြောက်ရေး အတွက်လည်း တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်သမားများသည် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်း အဆိုပါနယ်မြေခံတပ်ရင်းအား တိုက်ခိုက် ချိန်နှင့် တစ်ပြိုင်တည်းတွင် အခြားနယ်မြေခံတပ်ရင်းအား အဝေးမှနှောင့်ယှက်ပစ်ခတ်၍လည်းကောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သံတံတားလုံခြုံရေးစခန်းအား ဝင်ရောက်တိုက်ခိုက်၍လည်းကောင်း၊ မြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်၍လည်းကောင်း စစ်ကူမလာရောက်နိုင်စေရေး ထိန်းချုပ်နှောင့် ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မြို့တွင်းလုံခြုံရေးဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ပြန်လည်ဆုတ်ခွာသွား ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post